Monday 25 February 2013

"နှင်းတွေထဲမှာ တစ်ယောက်ထဲ အေးနေသလား ငယ်"


  • နှင်းတွေထဲမှာ တစ်ယောက်ထဲ အေးနေသလား ငယ်



မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ဒီနွေဦးပေါ့ အရူးလေးတစ်ယောက်နဲ့ အရူးမလေးတစ်ယောက်
မိုင်ပေါင်းခြောက်ရာကျော်မှာ ရူးနေကြတာ

တစ်ယောက်အကြောင်း တစ်ယောက်
လိုတာထက် ပိုမသိကြ
တစ်ယောက်လိုအပ်မှု တစ်ယောက်
လိုတာထက် ပိုမသိကြ
ဒီလိုနဲ့ မန္တလေးက နှင်း က မြောင်းမြအထိ ရိုက်ခက်
မီးလင်းဖို တစ်ခုထက် ယုံကြည်မှု တစ်ခုကို ရှာဖွေနေကြတယ်

မင်းအနားမှာ ငါမရှိသလို ငါအနားမှာလည်း မင်းမရှိဘူးပေါ့
မင်းအနားမှာ အေးစက်နေတဲ့ ဂြိုဟ်ဆိုးတွေရှိနေခဲ့တာ
ငါလည်း လိုတာထက်ပို မသိခဲ့ပေါ့
ဒီလိုနဲ့ ပြီးခဲ့တဲ့ ဆောင်းတွင်းက မင်းလိုတာထက်ပို အေးစက်နေသလား
မြောင်းမြက မီးဖိုလေး တစ်ခုက မန္တလေးကို မိုင်ချီကျော်ကာ နွေးစေခဲ့ရဲ့လား

အံသြစရာပေါ့
အဲဒီ သန်းပေါင်းများစွာသော ဖြစ်တန်စွမ်းတွေထဲမှာမှ
ငါတို့က အညွှန်းကိန်းလေး တစ်ခု
ငါ နဲ့ မင်းနဲ့ ဆက်သွယ်နေခဲ့တာမှာ
တံဆိပ်ခေါင်းလည်း မလိုသလို စာတိုက်လည်း မရှိခဲ့
တို့ နှစ်ယောက် မတော်တဆ ခလုတ်တိုက်ခဲ့တာဟာ
ဖုန်းလိုင်းတွေပေါ်မှာ ချက်ဘောက်တွေမှတဆင့် မြူထက်ပါးတဲ့ အလင်းရဲ့ အမြန်မျိုးနဲ့ပေါ့

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ကဗျာမှ တဆင့် ၊ ရိုးရှင်းမှုတစ်ခုက မိုင်တွေကို ရိုက်ချိုးခဲ့တာမှ တဆင့် ၊ ဒေသန္တရာအပြောင်းအလဲမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
မျက်မှန်ကိုင်းလေးမှ တဆင့် ၊ အသံဝဲ၀ဲလေးမှ တဆင့် ၊ သူမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ကြိုးစားနေတဲ့ ဖြူစင်မှုမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
စိုးရိမ်ပူပန်မှုတွေမှ တဆင့်၊ စားနေကျ သားရဲတွေ ရန်မှ ကာကွယ်လိုခြင်းမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ဒီလိုနဲ့ နှစ်တွေ လတွေ ရက်တွေ ကြာနေအုံးမှာလား

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်

ငါဟာ စက္ကန့်သံတွေကို စေခိုင်းနိုင်တဲ့ သမာဓိ မျိုးနဲ့
ဒီ ကဗျာ ကိုရေးမိပေါ့
နှစ်လိုခြင်း အပြည့်နဲ့ ဖတ်လိုက်ရင်
အရင်အချိန်တွေဟာ  မအေးစက်တော့ဘူးထင်ရဲ့
မိုင်ခြောက်ရာကျော်ဆိုတာ စေစားနိုင်ရင် ခဏပဲ
မန္တလေးက လာတဲ့ နှင်းဟာ မြောင်းမြမှာ တန့်သွားတယ် ။



  • မောင်မြတ်သူ

No comments:

Post a Comment