Wednesday 23 May 2018

ကျွန်တော်ခင်ဗျားကိုချစ်တယ်ဆိုတာ. . . (တယ်ရီ)


ခင်ဗျားဆီမှာဒူးထောက်အညံ့ခံဖို့
ကိုယ့်ကိုယ်ကိုပြန်တောင်းပန်ရတာ
ဘာတွေးလဲကြားနိုင်ဖို့ဘာသီချင်းမှမဖွင့်ပဲ
နားကျပ်တပ်ထားတာ
မိုးရွာတဲ့အသံကိုကြားရပြီးမိုးကိုမမြင်ရတာ
မြေပုံထဲမပါတဲ့ဒေသတစ်ခုမှာမျက်စိလည်နေပြီး
အဲ့ဒါကိုပဲ ကျေနပ်နေတာ
ခင်ဗျားနဲ့လက်ချင်းတွဲလျှောက်ဖို့ထက်
ခင်ဗျားစိတ်ထဲရောက်ဖို့အိပ်မက်ယောင်ရင်းလမ်းထလျှောက်တာ
မမြင်ရတဲ့တံခါးရှေ့မှာအမြဲ
ခင်ဗျားထွက်လာရင်မမြင်အောင်
ပုန်းအောင်းနေရတာ
ကော်ဖီနှစ်ခွက်ကို
တစ်ယောက်တည်းသောက်ရတာ
ကြယ်တွေကိုနေရာရွှေ့ပြီး
ခင်ဗျားရာသီခွင်ကိုပုံဖော်ကြည့်တာ
တစ်ယောက်တည်း ချစ်လားလို့မေးပြီး
တစ်ယောက်တည်း ရှင့်ကိုမချစ်နိုင်ဘူးလို့ဖြေရတာ
မပွင့်မယ့်လေထီးနဲ့မြေကြီးပေါ် ကိုခုန်ဆင်းရတာ
မရှိတဲ့သိုးတွေကိုရေတွက်ရတာ
ပလတ်စတစ်နဲ့လုပ်ထားတဲ့မိုးအတုတွေလား
မနက်ဖြန်တောအုပ်ဖြစ်လာမယ့်
သစ်စေ့တစ်စေ့ရဲ့အညှောင့်တွေပါ
ကျွန်တော်ခင်ဗျားကိုချစ်တယ်ဆိုတာ။

No comments:

Post a Comment