Wednesday 23 May 2018

"မပိုင်ရပေမယ့်စွန့် လွှတ်ရတာကိုလည်းငါကျေနပ်ပါတယ်..." တယ်ရီ

လိုအပ်သေးရင်ထပ်ယူသွားပါ…..။
ငါမပေးခဲ့ဘူးလို့တော့
မစွပ်စွဲလိုက်ပါနဲ့ ။
မင်းမသိလို့
မရှိခဲ့ဘူးလို့ထင်တာပါ
ငါ့ရဲ့ …ချောကလက်လေး…ရယ်….။
မဖြစ်နိုင်မှန်းသိပေမယ့်
ရှေ့ဆက်တိုးတယ်ဆိုကတည်းက
ဘယ်သူနဲ့မှမတူတဲ့သတ္တိမျိုး
ရှိတယ်ဆိုတာတော့…နင်သိသင့်တယ်…။
သို့ ပေမယ့်လည်း…….
အခွင့်အရေးဆိုတဲ့ကောင်က
ငါ့ကောင်းကင်မှာမှ
လာခေါင်တယ်……………….။
ချောကလက်လေး….ရယ်…..
နားလည်မှု့ ဆိုတာ
အားနည်းချက်ရှိသူချင်း
လုပ်တဲ့အပေးအယူတစ်ခုပါ..။
မင်းဆန္ဒတစ်ခုတည်းအတွက်ပဲ
အမြင်နှစ်ဖက်လုံးကို
လက်ဖမိုးအဖြစ်
ငါပြောင်းလဲခဲ့ပါတယ်………။
ငှက်တစ်ကောင်ရဲ့ စကားနဲ့ 
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
မင်းပြောခဲ့သလိုပေါ့
“ငါနင့်ကိုမချစ်လို့ တော့
နင်သေမသွားနိုင်ပါဘူး”တဲ့
ဟုတ်ပါတယ်………။
ငါမသေခဲ့ပါဘူး….
ရင်ခုန်ခြင်းနဲ့ အသက်ဆက်ထားတဲ့
စိတ်တစ်ခုကလွဲရင်ပေါ့……………။
မျှော်လင့်ခြင်းလို့ ပဲ
ခေါင်းစဉ်တပ်ထားပါတယ်။
ဇောက်ထိုးဖြစ်သွားတဲ့
ကံတရားမှာ
ခံစားမှု့ ဆုံးပါသွားပေမယ့်
ငါနင့်ကိုလွမ်းနေပါသေးတယ်….
ချော……
က…
လက်….
လေး…
ရယ်………….။
.
တယ်ရီ
4.4.2011

ပေးစာ (တယ်ရီ)

အိပ်မက်တွေဟာ သေတတ်လား ....
အမှန်တိုင်းပြောပြော လိမ်ပြောပြော
ငါတကယ်မသိဘူး 
၂၀၁၀ဟာနောက်ပြန်လျှောက်ရင်းငါ့ဆီရောက်လာတယ် ဘာတွေတကယ်ဖြစ်ခဲ့လည်း ငါမသိဘူး သူတို့လည်းမသိဘူး သူတို့ကိုယ်တိုင်လည်းမသိဘူး
ငါရှင်သန်လာတဲ့အချိန်မှာ သူတို့သေဆုံးသွားပြီး
ငါသေဆုံးချိန်သူတို့ရှင်သန်လာတာကို
အထီးကျန်ခြင်းလို့ စောက်အဓိပ္ပါယ်တွေ ငါလျောက်ဖွင့်ဆိုမိတော့တာပဲ။
သဲနာရီကိုခွဲပစ်ပြီးအချိန်တွေကိုလိုက်ရှာဘူးလား


အဟက်

ဘယ်လောက်ရှိုက်ရှိုက်အငွေ့ပါမလာတဲ့ဆေးလိပ်ကိုသောက်ဖူးပြီလား

အဟက်
"ကိုယ့်အလှည့်ရောက်မှရုတ်တရက် အ သွားတဲ့ နံရံတွေကို ခင်ဗျားမြင်ဖူးပြီလား
အဟက် အဟက် ။
"ကျုပ် စောက်ဖက်မလုပ်ချင်သူတွေကို ဘယလိုတုန့်ပြန်လဲ"
ခင်ဗျားမေးတုန်းက
ကျုပ်ဘာမှပြန်မဖြေခဲ့တာမှတ်မိလား
ကျုပ်လည်းနိုင်ဂံခြားဟာသထဲကဒိုင်တွေခိုးချထားတာ ခင်ဗျားမသိလို့ပါ
မမှတ်မိလည်းကျုပ်တို့ဆက်တွေ့နေရဦးမှာပဲ
ခင်ဗျားကောကျုပ်ကော နှစ်ယောက်လုံးမမြင်နိုင်တဲ့ရှု့ထောင့်ကနေ။
ဒါကြောင့်လည်း ခင်ဗျားကို ချစ်တယ် လို့ ပြောပြီး ခင်ဗျားရှေ့မှာ ဘဝအဆက်ဆက်ပေါ်မလာတော့တာ ။
ရေးခဲ့ဖူးသမျှစာတွေကို ခင်ဗျားလိပ်စာနဲ့ပို့လိုက်တယ်။
ခုလောက်ဆို ခင်ဗျားလည်း မနေ့ကစာတိုက်မီးလောင်သွားတဲ့ကိစ္စသတင်းတွေထဲက ကြားမှာပါ ။
ကျုပ်ပျော်ရွှင်ပါစေလို့ခင်ဗျားဆုတောင်းပေးပါ။။။
တယ်ရီ

ဇာတ်ဝင်ခန်း ၅ (တယ်ရီ)


ငရဲကို
ရေခဲနဲ့ဆောက်လို့ရတယ်လို့
တခါမှမစဉ်းစားမိခဲ့
အဝတ်မပါလည်း
အဝတ်လှန်းချိတ်တွေလို့
ဆက်ခေါ်နေကြတာပဲလေ
ကောက်ရမှပဲ
ကျပျောက်တာကို
ခဏမေ့သွားတယ်
ဟယ်လို
ကျနော်အပြင်ထွက်သွားလို့
ဟုတ်ကဲ့
ပြန်မလာရင်ခင်ဗျားကိုဘာလှမ်းပြောပေးရမလဲ
ဟုတ်ကဲ့
ခင်ဗျားလည်းအပြင်သွားတာဆိုရင်
ကျနော့ကိုတွေ့ရင်တွေ့မှာပါ
ဟုတ်ကဲ့
အိပ်ရာထဲမှာ
ကိုယ့်ကိုကိုယ်မှန်းပြီး
တစ်ကိုယ်တည်းအာသာဖြေရင်း
ဘယ်ယောင်္ကျားမှ/
ဘယ်မိန်းမ
မှီခိုတက်မက်စရာမလိုဘူးလို့
သူအလင်းပွင့်သွားတယ်
အိမ်ပြန်ရောက်တော့
ထုံးစံအတိုင်း
သူ့ဦးခေါင်းကိုဖြုတ်ပြီး
စာအုပ်စင်ထဲပြန်ထည့်
အချိန်ဆိုတာမရှိရင်
ကုန်စရာဆိုတာလည်းမရှိဘူးတဲ့
သေနတ်ပြောင်းတွေမိုးပေါ်ထောင်ပြီးပစ်လိုက်ကြတယ်
ကိုယ့်မေးစေ့အောက်ကနေကိုယ်
တယ်ရီ
၂၇.၅.၂၀၁၆

" . . . အကြမ်းဖက်သမား . . . "


ကလေးတွေ
ဆော့ကစားနေကြတဲ့ကလေးတွေ
ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ကလေးတွေ
ကောင်းကင်ကအလင်းတန်းပေါ် မော့ကြည့်နေကြ
ဘုရားသခင်ပေးတဲ့
ကစားစရာအသစ်လား
ရပ်ကွက်တစ်ခုလုံးသိမ့်ခနဲမှုန့်သွား
လူတစ်ယောက်မေးတယ်
"ကလေးတွေဘယ်ရောက်သွားလဲ"
လူအားလုံးဖြေတယ်
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
တယ်ရီ

" တေ့လွဲ "


ဆံပင်တိုသွားလည်းကိုယ့်အရောင်ကိုယ်
မှတ်မိပါသေးတယ်ဆိုတဲ့အထာနဲ့
တစ်အိမ်တည်းနေပြီးမင်းရယ်ငါရယ်မမြင်ဖူးကြဘူး
တစ်အုပ်လုံးဖတ်ဖို့ အချိန်မရဘူးဆိုလည်း
လှမ်းထားတဲ့ကြယ်တွေကိုပဲပြန်ရုတ်လိုက်တာပေါ့
ရိုး သား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
ရိုး သွား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
ဘာမှမလုပ်တဲ့သူဟာပိုဖျားလေ့ရှိတာသိလား
အိမ်ရှေ့တံခါးကမင်းဝင်လာတဲ့အချိန်
ငါသင်္ချာညံနေတာကလွဲလို့ 
တူးသွားတဲ့ငါ့ကြက်ဥကြော်ကို
မင်းဟက်ဟက်ပက်ပက်ငေးကြည့်ဖူးတာကလွဲလို့ 
ငါတို့ ဘယ်နှခါပွင့်လင်းမှု့အကြောင်းကို
သီချင်းလုပ်ပြီးနားထောင်ဖူးသလဲ
ပြောပါ…………………………….
ဘယ်နှခါနားထောင်ခဲ့ဖူးသလဲ
ဖန်စီလက်စွပ်နဲ့ပွဲတက်ဖို့ ခက်တယ်မဟုတ်လား
အကြားအာရုံကိုလော့ခ်ချထားပါ
အမြင်အာရုံကိုတစ်ဝက်သွန်လိုက်ပါ
ပြီးရင်ပေနေတဲ့မင်းဖိနပ်ကိုငါ့ဆံပင်နဲ့သုတ်လိုက်ပါ
မင်းလက်တွေအေးစက်နေတဲ့အကြောင်းငါမသိသလို
ငါ့စိတ်တွေအေးစက်နေတဲ့အကြောင်းမင်းမသိဘူး
သုခဘုံ၊ကောင်းကင်သူကောင်းကင်သား၊ပထမတန်းလက်မှတ်
ငါမသိဘူး
သုည၊ပုတ်သိုးနေတဲ့အရောင်၊အခွံ
မင်းမသိဘူး
တစ်ယောက်ကိုတစ်ယောက်မီးမညှိသေးသ၍တော့
………………………………………………………….
မင်းနဲ့ငါဟာ
ကိုယ့်နိုင်ငံကစံတော်ချိန်နဲ့
အခြားတစ်ယောက်ရဲ့နာရီကိုချိန်ကိုက်ယူဖို့
ကြိုးစားနေကြသူတွေ။
.
တယ်ရီ

s u i c i d e " (တယ်ရီ)


အခြေအမြစ်မရှိတဲ့ ဝမ်းနည်းခြင်းဟာ
တငွေ့ငွေ့ထွက်တယ်ဆိုရုံ
လောင်နေတယ်
အော်သံမှာ
တကိုယ်လုံးဓားရှရာတွေနဲ့
အဖြူအမဲဓာတ်ပုံထဲက
အေးစက်နေတဲ့ စိတ္တဇ
ရောက်လာဖို့အတွက်
ပြန်ထွက်သွားရတယ်လို့ပဲ
သဘောထားလိုက်ပါတယ်
မျက်နှာပြင်ကိုပလုံစီတက်သွားတဲ့
ရေပူဖောင်းတွေကိုမြင်တိုင်း
ဒီနေ့ဟာဘာနေ့လဲ
နံရံတွေကို
သွေးရူးသွေးတမ်းခွာချပစ်ဖို့
မမြင်ရတဲ့ကျောပေါ်ကနံပါတ်နဲ့
ဖြစ်တည်မှု့ဟာဝိဥာဉ်လို
ဘာကြောင့်လဲမေးဖို့
အချိန်မရှိဘူး
ဘာမှမထူးဘူး
ဘယ်နေရာမှာမှရှိမနေခဲ့ဘူး
နာကျင်ခြင်းကလွဲရင်ဘာမှမရှိတော့အောင်
နာကျင်နေရတဲ့အခါ
ကမ္ဘာကခါထုတ်လိုက်တဲ့ပိုးမွှားအတွက်
ရုတ်တရက်လေငြိမ်သွား
တစ္ဆေ ဖြစ်မှာကြောက်လို့
တစ္ဆေဖြစ်သွားရတဲ့ မှတ်တမ်းတွေ။
တယ်ရီ
6.11.2013
11:00PM

ဝေးသွားတယ်ဆိုတာ...(တယ်ရီ)


ဆိုလို့ကောင်းရုံသီချင်းနဲ့
နားထောင်လို့ကောင်းရုံပုံပြင်
စိတ်ကူးထဲကစွန်တွေ
စိတ်ကူးထဲမှာပျက်ကျကုန်တဲ့အကြောင်း
စိတ်ကူးလို့တောင်မမြင်နိုင်တော့တာ
နာမည်လေးလှမ်းခေါ်ချင်တဲ့ဆန္ဒနဲ့
မကြားပါစေနဲ့ဆုတောင်းနေတဲ့မာန
လီးပဲကွာ လို့ကြားအောင်အော်ဆဲရင်း
ရှိုက်ကြီးတငင်ငင် မကြားအောင်
ကိုယ်စီငိုကြွေးရတာ
ဖျက်စီးပစ်ခဲ့တဲ့ငြမ်းတွေကို
တိုက်အသစ်ပေါ်ကနေ
နောင်တရရတာ
အရင်းနှီးဆုံးအရာကို
သူစိမ်းရှု့ထောင့်ကနေ
ပြုံးပြီးကြည့်ရတာ
အတိတ်ဟာ
တကယ်ရောတိတ်ဆိပ်ရဲ့လားလို့
ချောင်းပြီးကြည့်ရတာ
အသံတူနာမ်တူရင်
လှည့်ကြည့်မိပြီးမှ
ကိုယ့်ကိုကိုယ်ရှက်ရတာ
ကြေမွနေတဲ့ကိုယ့်နံရိုးကိုယ်ကြည့်ရင်း
အားရပါးရမျက်ရည်ကျအောင်ရယ်မောရတာ
ရုပ်လောကရဲ့ဝိဥာဉ်ဆန်တဲ့
အထိအရှ
ကျကွဲသွားတဲ့ကော်ဖီခွက်ကို
နောက်ဘဝထိသိမ်းထားရတာ
တိုက်ပေါ်ကခုန်ချပြီးမသေသွားတာ
ပြာကျမသွားတဲ့အိပ်ရာ
အနက်ရောင်သက်တံ
စောက်ကျင့်မကောင်းတဲ့အိမ်နီးနားချင်းနဲ့
ဘုရားကျောင်းအတူသွားရတာ
ဝေးသွားတယ်ဆိုတာ.................။
တယ်ရီ
၅ ၈ ၂၀၁၆

ကျွန်တော်ခင်ဗျားကိုချစ်တယ်ဆိုတာ. . . (တယ်ရီ)


ခင်ဗျားဆီမှာဒူးထောက်အညံ့ခံဖို့
ကိုယ့်ကိုယ်ကိုပြန်တောင်းပန်ရတာ
ဘာတွေးလဲကြားနိုင်ဖို့ဘာသီချင်းမှမဖွင့်ပဲ
နားကျပ်တပ်ထားတာ
မိုးရွာတဲ့အသံကိုကြားရပြီးမိုးကိုမမြင်ရတာ
မြေပုံထဲမပါတဲ့ဒေသတစ်ခုမှာမျက်စိလည်နေပြီး
အဲ့ဒါကိုပဲ ကျေနပ်နေတာ
ခင်ဗျားနဲ့လက်ချင်းတွဲလျှောက်ဖို့ထက်
ခင်ဗျားစိတ်ထဲရောက်ဖို့အိပ်မက်ယောင်ရင်းလမ်းထလျှောက်တာ
မမြင်ရတဲ့တံခါးရှေ့မှာအမြဲ
ခင်ဗျားထွက်လာရင်မမြင်အောင်
ပုန်းအောင်းနေရတာ
ကော်ဖီနှစ်ခွက်ကို
တစ်ယောက်တည်းသောက်ရတာ
ကြယ်တွေကိုနေရာရွှေ့ပြီး
ခင်ဗျားရာသီခွင်ကိုပုံဖော်ကြည့်တာ
တစ်ယောက်တည်း ချစ်လားလို့မေးပြီး
တစ်ယောက်တည်း ရှင့်ကိုမချစ်နိုင်ဘူးလို့ဖြေရတာ
မပွင့်မယ့်လေထီးနဲ့မြေကြီးပေါ် ကိုခုန်ဆင်းရတာ
မရှိတဲ့သိုးတွေကိုရေတွက်ရတာ
ပလတ်စတစ်နဲ့လုပ်ထားတဲ့မိုးအတုတွေလား
မနက်ဖြန်တောအုပ်ဖြစ်လာမယ့်
သစ်စေ့တစ်စေ့ရဲ့အညှောင့်တွေပါ
ကျွန်တော်ခင်ဗျားကိုချစ်တယ်ဆိုတာ။

ရေစာ..(မောင်မြတ်သူ)


''ရေစာ XXII''

လေပြေညှင်းက သူ့ဆံစကိုဖြတ်လို့
ကိုယ့်ညနေခင်းဆီ ဆိုက်ရောက်ဖူးတယ်
သေဒဏ်ကျတဲ့သူက ဘဝကိုလွမ်းသလို
လွမ်းရတဲ့ ရနံ့တွေ
သံသရာရေ ငါ့ကိုချည်နှောင်ပါ
သူနဲ့ဝေးမယ့်အစား တရားသာကွယ်ပါလေ

...................................................

'' ရေစာ XXI ''

ငါ့ရဲ့ သံယောဇဉ်မလေးရေ
မေတ္တာတရားခေါင်းပါးလှတဲ့ မေတ္တာတုံးမလေးရေ
စတဲ့
အသံဖမ်းစက်ထဲက ငါ့အမှန်တရားတွေက နာတယ်
သိက္ခာ ၊ မာန ၊ သတိမူခဲ့ရသောဂူများ
အသိမ်မွေ့ဆုံး လွမ်းခဲ့ပါတယ်။

...................................................


'' ရေစာ XX ''

တစ်လောကလုံးကို ဝယ်မယ်
မင်းအတွက် မွေးနေ့လက်ဆောင်
ဘယ်တော့မှမပြည့်တဲ့
ပိုက်ဆံအိတ်
ဘယ်တော့မှမပြီးတဲ့
ကဗျာ
ဘယ်တော့မှမကုန်တဲ့
ဆန္ဒ။


.....................................................


'' ရေစာ XIX ''

သူ့နာမည်ကို တက်တူးထိုးထားတယ်
ခရစ်စမတ်လက်ဆောင်တက်တူး
ကြိုးစင်တက်ရလောက်အောင် တုံးတဲ့တက်တူး
ဘုရားသခင် ရယ်ရှာတယ်။

..................................................


'' ရေစာ XVIII ''

ဆံပင်တွေရှည်သလို
မင်းစိတ်တွေရှည်ရင် ကောင်းမယ်
ငါဒီလို မျှော်လင့်မိပါတယ်
ခုတော့ ဝေးလှချည့်
ငါ့ရဲ့ သံလမ်းပေါ်က တရားဓမ္မလေးရေ
နွေတာရှည်ဟာ ပူလှတယ်။

....................................................

'' ရေစာ XVII ''

ငါ့ရဲ့
စောက်သုံးမကျတဲ့ ကောင်မလေးရေ
နံပါတ်ပြတ်နေတဲ့ ထီလက်မှတ်ရေ
ဒုက္ခတွင်းထဲက ကဗျာစာအုပ်ရေ
ဆေးလိပ်တိုတွေ တပုံကြီးစုထားတဲ့
တိုက်မြင့်မြင့်တွေကို ငေးတတ်သူ ငါ့အကြောင်း
အားနာပါးနာ တွေးပေးပါ ။

....................................................


'' ရေစာ XVI ''

နှုတ်ခမ်းပါးလေးနဲ့ ဒီဇင်ဘာရေ
ငါအေးခဲနေပါပြီ
မင်းအနမ်း ဝေးဝေး တစ်နေရာ
ဟယ်လို ထူးသံဟာ
အေးခဲတတ်နေပြီ ။

.....................................................

'' ရေစာ XV ''

မင်းကို ချစ်တဲ့စိတ်က
ဘာသာရေးဖြစ်သွားတဲ့အခါ
ငါ့မယ် မျက်ကန်းယုံကြည်သူဖြစ်ရ
အကြမ်းဖက်သမားဖြစ်ရ
ကိုယ့်ကိုကိုယ်သတ်ရ
နာလှပါတယ် ။


.......................................................


'' ရေစာ XIV ''

သူ့ကို သတိရလာရင်
သူကကိုယ့်ကို သတိမရမှန်းသိလာရင်
မေတ္တာတရားဟာ ဘလက်လစ်ထဲထည့်ခံထားရတဲ့ဖုန်းကိုပဲ
အဆက်မပြတ်တောင့်တလာရင်
သူ့နာမည်ကို အုတ်ကန်ထဲချရေးမိတော့
သူ့အတွက် ကဗျာ တစ်ပုဒ်ကို တွေ့ရတယ်
လူးလွန့်စွာကူးခတ်လို့ ။


..........................................................

'' ရေစာ XIII ''

ငါ့ကိုချစ်ပါ ငါ့ကိုချစ်ပါ
ကျနော်က အလှူခံတစ်ယောက်လို
တရစပ် တောင်းဆိုတော့
သူ ဖုန်းချသွားတယ်
သဒ္ဒါတရား အဝေး
ဆက်သွယ်ရေး အဝေး
ရင်ခုန်သံ အဝေး
မိုးလည်း အဝေးကလာရွာတယ် ။

........................................................


'' ရေစာ XII ''

ငါတွေ့ဖူးတဲ့ သူ့ ခြေဖျားလေးမှာ
ခြေသည်းနီတွေ ဆိုးထားတယ် ။

ဘဝတစ်ခုလုံးကိုဆိုးပစ်လိုက်သလို
ငါ့မျက်လုံးထဲမှာ ခြေသည်းနီ ။

ဘုရားသွားလည်း ဘုရားကွယ်တယ်
ဘာကိုမှ မမြင်နိုင်အောင်ကွယ် ။

.........................................................

'' ရေစာ XI ''



အချစ်သီချင်းတွေ မယုံတဲ့သူဟာ
အချစ်သီချင်းတွေပဲ ဆိုနေတော့
ဘာကို ယုံပေးရမှာလဲ ။



မနက်ခင်းတိုင်းဟာ နှင်းဆီပွင့်တွေလို့ ငါပြောရင်
သူ အားပါးတရရယ်တယ်
မင်းမျက်စောင်းဟာ နှင်းဆီပွင့်လေးလို့ ငါပြောတော့
သူ ရှက်တယ်
ငါ ဘာကို ပြောပေးရမှာလဲ ။


မိုးမိတိုင်း ဖျားတတ်သူဟာ
သူ စိတ်ကောက်တိုင်းလည်း ဖျားနာပြန်တယ်
ငါတို့နေ့စွဲတိုင်းဟာ ပြဿဒါး
 နဂါးခေါင်းငါ့ဘက်လှည့်တိုင်း ပိုချစ်မိတယ်။



ထီးဆောင်းရင်း မိုးစိုသူဟာ
ရှင့်ကို ကျမ ချစ်တယ်လို့ပြောသံကြားတိုင်း
ဒဏ်ရာဟူသမျှ စုံလုံးကန်းပြတယ်။

.......................................................


''  ရေစာ X ''

ထီးဆောင်းရင်းနဲ့ မိုးမိနေတယ်
ငါတစ်ယောက်ထဲ ပြီးတော့ နင်တစ်ယောက်ထဲ ။

.......................................................


'' ရေစာ  IX ''
--------------

တသက်တာချစ်ခြင်းနဲ့ ချည်နှောင်ပါ
လက်ထပ်ခြင်းနဲ့ အဆုံးစီရင်ပါ
ငါ့ကို ။

.........................................................

'' ရေစာ VIII ''


အချစ်ရေ  
တချို့က ရိတ်သိမ်းဖို့အတွက် စိုက်ပျိုးခဲ့တယ် 
ငါကတော့ ရိတ်သိမ်းခံဖို့ရာ စိုက်ပျိုးခဲ့ပါတယ် ။

....................................................

'' ရေစာ VII ''


အချစ်ရေ
စစ်ဖြစ်ပြီဆိုရင် အကုန်မှားတယ်
ချစ်မိပြီဆိုရင်လည်း အကုန်မှားတယ်။

..................................................


'' ရေစာ VI ''


မင်းကိုချစ်ကြောင်း
အများပြည်သူ သိအောင် မကြေညာရဲဘူး
ငါ့အချစ်က ကူးစက်ရောဂါ။

....................................................


'' ရေစာ V ''



ငါ့ဆီမှာ ပိုက်ဆံအိတ်ကလေး တစ်လုံးရှိတယ်
ငါ့ဆီမှာ ဓာတ်ပုံသုံးပုံ ရှိတယ်
ပိုက်ဆံအိတ်လေးထဲမှာ ရင်ခုန်သံတွေ သိမ်းထားတယ်
ဓာတ်ပုံမှာ ရက်စွဲအချို့ကို မှတ်တမ်းတင်တယ်
ဘာလိုသေးလဲ တစ်သက်လုံးစာ အသဲကွဲခဲ့တယ်။

................................................

'' ရေစာ IV ''



လက်ဖျောက်တီးလိုက်ကြပါစို့
အားလုံးကကြကမယ်
ဒီခန်းမကြီးမှာ
အသိအကျွမ်းပေါင်း စုံညီစွာ
အရိပ်များစွာ
ငါ့ဖက် မင်းဖက် ကျရောက် 
လက်ခေါက်လည်း မှုတ်လိုက်စမ်းပါ 
အားလုံးပျော်ရအောင် 
ငါတို့ မင်္ဂလာဆောင်။



.........................................



'' ရေစာ II ''


သူ့ဆီက ဖုန်းမလာတာ ကြာပြီ 
ဟယ်လို ထူးသံလေးဟာ ဝေးနေတာ ကြာပြီ 
သူ့ဆီကို ဖုန်းမဆက်ဖြစ်တာ ကြာပြီ 
ဟယ်လို ထူးသံလေးဟာ ဝေးနေတာ ကြာပြီ 
ငါ့ကိုယ်ငါ မဆက်သွယ်ဖြစ်တဲ့အခါ 
အဝေးပြေးလမ်းမတလျှောက် 
အော်သံတွေ တွန့်ခေါက်ကုန်တယ် 
ယဉ်တိုက်မှုတွေ တံတားပြိုကျမှု 
ဆူပူအုံကြွမှုတွေ ဖြစ်ကုန်တယ်။ 
ငါ နင့်ကို ချစ်တယ် 
ဖုန်းမပါဘဲ အကျယ်ကြီး အော်လိုက်တယ် 
အဝေးပြေးလမ်းမတလျှောက် 
အော်သံတွေ တွန့်ခေါက်ကုန်တယ်။


....................................................................


'' ရေစာ II ''


သူ့မျက်နှာကို
ကျွန်တော် မကြည့်ရဲဘူး
ယုတ်စွအဆုံး
သူ့ဓါတ်ပုံကိုတောင်
ကျွန်တော် မကြည့်ရဲဘူး
ဘုရားသခင်
အဲဒီ နှင်းဆီ ဆူးတွေ
ကျွန်တော့်ကို စူးနေပြီလား ။


..........................................

'' ရေစာ I ''


ငါ့ဘယ်ဘက် ရင်အုံကို
သူ စမ်းကြည့်တယ်
သူ နေမကောင်းဘူးလို့ ငါ့ကိုပြောတယ်
အဲဒါ ၀ါယာလက်
ငါလည်း ရင်ထဲ မကောင်းဖြစ်တယ်


ဖုန်းနံပါတ်တစ်ခုကို ထိစပ်ဖို့ လက်မရဲဘူး
ဖုန်းနံပါတ်တစ်ခုဟာ ငါ့ကို ဆဲဆိုလိုက်မှာများလား
ဖုန်းနံပါတ်တစ်ခုဟာ ငါသိချင်နေတဲ့ ကျိုးကြောင်းသင့်တရား
ဖုန်းနံပါတ်တစ်ခုဟာ ငါနဲ့ ခပ်ဝေးဝေးနေရာမှာ


အချစ်တစ်ပွဲ ရှိတယ်
တန်ပြန်မှု မရှိဘူး
ငါတစ်ယောက်ထဲ
လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ခဲ့တယ်။


ဟောဒီဘဒ္ဒကမ္ဘာမှာ
ဘတ်စ်ကားတွေလိုမျိုး
ဘ၀တွေလည်း သိပ်ကျပ်တယ် အချစ်ရယ်
ငါတို့ရဲ့ နားတွေလည်း
ငါတို့ရဲ့ တယ်လီဖုန်းလို ကန်းတယ်။


လာပါ အချစ်ရယ်လို့
ငါ အော်ခေါ်ချင်တယ်
မင်းလည်း ငါ့ခံစားချက်ကို ချိုးဖဲ့
ငါလည်း မင်းစေတနာကို တိုက်ယူ
ဒါဟာ လိင်မှုမပါတဲ့ငါလိုချင်တဲ့ ဂီတပေါ့။



မောင်မြတ်သူ
June 28, 2013