Sunday 3 March 2013

လတ်ဆတ်သစ်သီးများ (မောင်ဖီလာ)

ငါ့မျက်လုံးထဲကြယ်တွေ အရင်လို အကူးအခတ်မလုပ်တော့
ငါ့အကြေးခွံကလဲ အရင်လို အရောင်တဖျတ်ဖျတ် မလက်တော့
အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်လာသူ
ငါ့အသံဟာ အရင်လို
ကျောက်ဆောင်ကို ထစ်ချုန်းဆောင့်ခွဲနိုင်ဦးမလား
ဟိုးတုန်းက ငါတို့ရဲ့ လွတ်လပ်ပေါ့ပါးသော ပျော်ရွှင်မှု
စက္ကူလေတံခွန်လေးလို အခုပြန်ပြီး ရစ်ယူချင်မိတယ်
ငါဟာ ဂျင်းဘောင်းဘီနဲ့
နားကွင်းတစ်ဖက်နဲ့
ဖိလစ်ပိုင်မကလေးလက်ကိုဆွဲလို့
မိုးရွာထဲ လမ်းမတွေပေါ် လျှောက်ပြေးခဲ့ကြတာ သတိရမိတယ်
အဲဒီတုန်းက သက်တံဟာ ငါတို့အရောင်နဲ့
အကြောက်အလန့်မရှိတာ ကြောက်စရာကောင်းမှန်း ငါတို့မသိခဲ့
ငါတို့ရိုးသားခဲ့ကြတာ ငါတို့မသိခဲ့
ငါတို့အတွေ့အကြုံဟာ ငါတို့ဥစ္စာဓနမှန်း ငါတို့မသိခဲ့
ငါတို့ဘွတ်ဖိနပ်တွေဟာ ပေါက်ပြဲလို့
ဒါပေမယ့် ပင်လယ်တစ်ခုလုံးရဲ့ အလှပဆုံးအစိတ်အပိုင်းဟာ
ကမ်းခြေလို့ ငါတို့သိခဲ့တယ်
ငါတို့ရယ်သံဟာ စကြ၀ဠာနံရံကိုသွားမှန်ပြီး
နွားနို့ပူပူတွေအဖြစ် စီးဆင်းလာကြတယ်
ညနေ(၆)နာရီ
ငါတို့ဟာ ဘတ်စ်မှတ်တိုင်မှာရပ်လို့
ဆည်းဆာဟာ ငါတို့ရဲ့အရွယ်ကိုငေးမောလို့  ။     ။
(Beauty Magazine – ၂၀၀၄)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)

No comments:

Post a Comment