Tuesday 23 April 2024

အနာတွေဆာလာတော့ စာနာမိခဲ့ပေါ့

 ဘဝဟာ မီးနဲ့ခင်းထားတဲ့လမ်းပဲ

ရေခဲတွေနဲ့လည်း ဖြစ်ချင်ဖြစ်မှာပေါ့..

ရှင်သန်နေထိုင်ခြင်းရဲ့ အနှစ်သာရကို

မိုးမမြင် လေမမြင်ဖြစ်ခဲ့တုန်းက

ရုန်းကန်သူဆိုတဲ့လိုင်းနဲ့ အရေးခံထားရတာ

သတိမထားလိုက်ဘူးမလား...
ငါတို့ဟာ ချစ်ခြင်းမေတ္တာကို

ရှု့မျှော်ခင်းနဲ့ထိုးစပ်ထားတုန်းက

လမ်းလျှောက်တတ်စအရွယ်ပဲ..။

အရာရာဟာ လစ်မစ်ရှိတယ်ဆိုတဲ့

စကားကိုစကြားဖူးတော့

ခံစားမှုအကြောင်းမသိတဲ့ကောင်တွေလို့ ပြုံးပြမိခဲ့သေးတယ်။


ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စိတ်ဝင်တစားကြည့်ချိန်ရောက်တော့

လောကဓံဆေးရုံပေါ်က ငှက်အိုတွေ

စာတတ်တယ်

ကဗျာဖတ်တယ်

ပန်းချီဆွဲတယ် ထအော်ကြတာပဲ

တကယ့် နံရံတွေ

အဲ့ဒီငှက်တွေဟာ
သင်ယူပုံရော သင်ယူနည်းရော မှားပြီး နောက်ပါကျနေခဲ့တာ
အချိန်ဟာ ရထားလို မှားပြီးဘူတာကျော်ရပ်လည်း

လိုရင်းကိုမရောက်တော့ဘူးမလား..

အိမ်ဝိုင်းတွေ အရင်လို မရှိတော့တဲ့ အထက်အညာဟာ

ကချင်နဲ့ရခိုင်ကို အခုမှစာနာရမှန်းသိသွားသလိုပေါ့

ရင့်ကျက်လာတယ်ဆိုတာ

စိတ်ဒဏ်ရာတွေ စိတ်အသားမာတက်ခြင်းတစ်မျိုးပဲ

တစ်နေ့နေ့တော့

အမှန်တရားဟာ ကာလပေါ်တေးတစ်ပုဒ်လို

ရွေ့လျားတင်ဆက်ပုံနဲ့ ဆင့်ကဲဖြစ်စဥ်သွားတူပါလိမ့်မယ်

ငါ့ခေါင်းပေါ် လေယာဥ်ပျံတွေ ဖြတ်ပျံသွားတဲ့နေ့ကလို

နာကျင်မှုမျိုးနဲ့။

မင်းခိုင်မြဲ 1:25AM
8.5.2023 Vietnam Dongnai Anchorage

Wednesday 23 May 2018

"မပိုင်ရပေမယ့်စွန့် လွှတ်ရတာကိုလည်းငါကျေနပ်ပါတယ်..." တယ်ရီ

လိုအပ်သေးရင်ထပ်ယူသွားပါ…..။
ငါမပေးခဲ့ဘူးလို့တော့
မစွပ်စွဲလိုက်ပါနဲ့ ။
မင်းမသိလို့
မရှိခဲ့ဘူးလို့ထင်တာပါ
ငါ့ရဲ့ …ချောကလက်လေး…ရယ်….။
မဖြစ်နိုင်မှန်းသိပေမယ့်
ရှေ့ဆက်တိုးတယ်ဆိုကတည်းက
ဘယ်သူနဲ့မှမတူတဲ့သတ္တိမျိုး
ရှိတယ်ဆိုတာတော့…နင်သိသင့်တယ်…။
သို့ ပေမယ့်လည်း…….
အခွင့်အရေးဆိုတဲ့ကောင်က
ငါ့ကောင်းကင်မှာမှ
လာခေါင်တယ်……………….။
ချောကလက်လေး….ရယ်…..
နားလည်မှု့ ဆိုတာ
အားနည်းချက်ရှိသူချင်း
လုပ်တဲ့အပေးအယူတစ်ခုပါ..။
မင်းဆန္ဒတစ်ခုတည်းအတွက်ပဲ
အမြင်နှစ်ဖက်လုံးကို
လက်ဖမိုးအဖြစ်
ငါပြောင်းလဲခဲ့ပါတယ်………။
ငှက်တစ်ကောင်ရဲ့ စကားနဲ့ 
ပြောရရင်…..
သူအကြာက်ဆုံးနဲ့ 
သတိရဆုံးအရာဟာ
ပထမဆုံးစမှန်တဲ့
ခဲတစ်လုံးပဲ……..
ဖြစ်လိမ့်မယ်……………။
မင်းပြောခဲ့သလိုပေါ့
“ငါနင့်ကိုမချစ်လို့ တော့
နင်သေမသွားနိုင်ပါဘူး”တဲ့
ဟုတ်ပါတယ်………။
ငါမသေခဲ့ပါဘူး….
ရင်ခုန်ခြင်းနဲ့ အသက်ဆက်ထားတဲ့
စိတ်တစ်ခုကလွဲရင်ပေါ့……………။
မျှော်လင့်ခြင်းလို့ ပဲ
ခေါင်းစဉ်တပ်ထားပါတယ်။
ဇောက်ထိုးဖြစ်သွားတဲ့
ကံတရားမှာ
ခံစားမှု့ ဆုံးပါသွားပေမယ့်
ငါနင့်ကိုလွမ်းနေပါသေးတယ်….
ချော……
က…
လက်….
လေး…
ရယ်………….။
.
တယ်ရီ
4.4.2011

ပေးစာ (တယ်ရီ)

အိပ်မက်တွေဟာ သေတတ်လား ....
အမှန်တိုင်းပြောပြော လိမ်ပြောပြော
ငါတကယ်မသိဘူး 
၂၀၁၀ဟာနောက်ပြန်လျှောက်ရင်းငါ့ဆီရောက်လာတယ် ဘာတွေတကယ်ဖြစ်ခဲ့လည်း ငါမသိဘူး သူတို့လည်းမသိဘူး သူတို့ကိုယ်တိုင်လည်းမသိဘူး
ငါရှင်သန်လာတဲ့အချိန်မှာ သူတို့သေဆုံးသွားပြီး
ငါသေဆုံးချိန်သူတို့ရှင်သန်လာတာကို
အထီးကျန်ခြင်းလို့ စောက်အဓိပ္ပါယ်တွေ ငါလျောက်ဖွင့်ဆိုမိတော့တာပဲ။
သဲနာရီကိုခွဲပစ်ပြီးအချိန်တွေကိုလိုက်ရှာဘူးလား


အဟက်

ဘယ်လောက်ရှိုက်ရှိုက်အငွေ့ပါမလာတဲ့ဆေးလိပ်ကိုသောက်ဖူးပြီလား

အဟက်
"ကိုယ့်အလှည့်ရောက်မှရုတ်တရက် အ သွားတဲ့ နံရံတွေကို ခင်ဗျားမြင်ဖူးပြီလား
အဟက် အဟက် ။
"ကျုပ် စောက်ဖက်မလုပ်ချင်သူတွေကို ဘယလိုတုန့်ပြန်လဲ"
ခင်ဗျားမေးတုန်းက
ကျုပ်ဘာမှပြန်မဖြေခဲ့တာမှတ်မိလား
ကျုပ်လည်းနိုင်ဂံခြားဟာသထဲကဒိုင်တွေခိုးချထားတာ ခင်ဗျားမသိလို့ပါ
မမှတ်မိလည်းကျုပ်တို့ဆက်တွေ့နေရဦးမှာပဲ
ခင်ဗျားကောကျုပ်ကော နှစ်ယောက်လုံးမမြင်နိုင်တဲ့ရှု့ထောင့်ကနေ။
ဒါကြောင့်လည်း ခင်ဗျားကို ချစ်တယ် လို့ ပြောပြီး ခင်ဗျားရှေ့မှာ ဘဝအဆက်ဆက်ပေါ်မလာတော့တာ ။
ရေးခဲ့ဖူးသမျှစာတွေကို ခင်ဗျားလိပ်စာနဲ့ပို့လိုက်တယ်။
ခုလောက်ဆို ခင်ဗျားလည်း မနေ့ကစာတိုက်မီးလောင်သွားတဲ့ကိစ္စသတင်းတွေထဲက ကြားမှာပါ ။
ကျုပ်ပျော်ရွှင်ပါစေလို့ခင်ဗျားဆုတောင်းပေးပါ။။။
တယ်ရီ

ဇာတ်ဝင်ခန်း ၅ (တယ်ရီ)


ငရဲကို
ရေခဲနဲ့ဆောက်လို့ရတယ်လို့
တခါမှမစဉ်းစားမိခဲ့
အဝတ်မပါလည်း
အဝတ်လှန်းချိတ်တွေလို့
ဆက်ခေါ်နေကြတာပဲလေ
ကောက်ရမှပဲ
ကျပျောက်တာကို
ခဏမေ့သွားတယ်
ဟယ်လို
ကျနော်အပြင်ထွက်သွားလို့
ဟုတ်ကဲ့
ပြန်မလာရင်ခင်ဗျားကိုဘာလှမ်းပြောပေးရမလဲ
ဟုတ်ကဲ့
ခင်ဗျားလည်းအပြင်သွားတာဆိုရင်
ကျနော့ကိုတွေ့ရင်တွေ့မှာပါ
ဟုတ်ကဲ့
အိပ်ရာထဲမှာ
ကိုယ့်ကိုကိုယ်မှန်းပြီး
တစ်ကိုယ်တည်းအာသာဖြေရင်း
ဘယ်ယောင်္ကျားမှ/
ဘယ်မိန်းမ
မှီခိုတက်မက်စရာမလိုဘူးလို့
သူအလင်းပွင့်သွားတယ်
အိမ်ပြန်ရောက်တော့
ထုံးစံအတိုင်း
သူ့ဦးခေါင်းကိုဖြုတ်ပြီး
စာအုပ်စင်ထဲပြန်ထည့်
အချိန်ဆိုတာမရှိရင်
ကုန်စရာဆိုတာလည်းမရှိဘူးတဲ့
သေနတ်ပြောင်းတွေမိုးပေါ်ထောင်ပြီးပစ်လိုက်ကြတယ်
ကိုယ့်မေးစေ့အောက်ကနေကိုယ်
တယ်ရီ
၂၇.၅.၂၀၁၆

" . . . အကြမ်းဖက်သမား . . . "


ကလေးတွေ
ဆော့ကစားနေကြတဲ့ကလေးတွေ
ပျော်ရွှင်စွာဆော့ကစားနေကြတဲ့ကလေးတွေ
ကောင်းကင်ကအလင်းတန်းပေါ် မော့ကြည့်နေကြ
ဘုရားသခင်ပေးတဲ့
ကစားစရာအသစ်လား
ရပ်ကွက်တစ်ခုလုံးသိမ့်ခနဲမှုန့်သွား
လူတစ်ယောက်မေးတယ်
"ကလေးတွေဘယ်ရောက်သွားလဲ"
လူအားလုံးဖြေတယ်
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
"ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး"
တယ်ရီ

" တေ့လွဲ "


ဆံပင်တိုသွားလည်းကိုယ့်အရောင်ကိုယ်
မှတ်မိပါသေးတယ်ဆိုတဲ့အထာနဲ့
တစ်အိမ်တည်းနေပြီးမင်းရယ်ငါရယ်မမြင်ဖူးကြဘူး
တစ်အုပ်လုံးဖတ်ဖို့ အချိန်မရဘူးဆိုလည်း
လှမ်းထားတဲ့ကြယ်တွေကိုပဲပြန်ရုတ်လိုက်တာပေါ့
ရိုး သား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
ရိုး သွား ခဲ့ တာ လည်း ဖြစ် နိုင် တာ ပဲ
ဘာမှမလုပ်တဲ့သူဟာပိုဖျားလေ့ရှိတာသိလား
အိမ်ရှေ့တံခါးကမင်းဝင်လာတဲ့အချိန်
ငါသင်္ချာညံနေတာကလွဲလို့ 
တူးသွားတဲ့ငါ့ကြက်ဥကြော်ကို
မင်းဟက်ဟက်ပက်ပက်ငေးကြည့်ဖူးတာကလွဲလို့ 
ငါတို့ ဘယ်နှခါပွင့်လင်းမှု့အကြောင်းကို
သီချင်းလုပ်ပြီးနားထောင်ဖူးသလဲ
ပြောပါ…………………………….
ဘယ်နှခါနားထောင်ခဲ့ဖူးသလဲ
ဖန်စီလက်စွပ်နဲ့ပွဲတက်ဖို့ ခက်တယ်မဟုတ်လား
အကြားအာရုံကိုလော့ခ်ချထားပါ
အမြင်အာရုံကိုတစ်ဝက်သွန်လိုက်ပါ
ပြီးရင်ပေနေတဲ့မင်းဖိနပ်ကိုငါ့ဆံပင်နဲ့သုတ်လိုက်ပါ
မင်းလက်တွေအေးစက်နေတဲ့အကြောင်းငါမသိသလို
ငါ့စိတ်တွေအေးစက်နေတဲ့အကြောင်းမင်းမသိဘူး
သုခဘုံ၊ကောင်းကင်သူကောင်းကင်သား၊ပထမတန်းလက်မှတ်
ငါမသိဘူး
သုည၊ပုတ်သိုးနေတဲ့အရောင်၊အခွံ
မင်းမသိဘူး
တစ်ယောက်ကိုတစ်ယောက်မီးမညှိသေးသ၍တော့
………………………………………………………….
မင်းနဲ့ငါဟာ
ကိုယ့်နိုင်ငံကစံတော်ချိန်နဲ့
အခြားတစ်ယောက်ရဲ့နာရီကိုချိန်ကိုက်ယူဖို့
ကြိုးစားနေကြသူတွေ။
.
တယ်ရီ

s u i c i d e " (တယ်ရီ)


အခြေအမြစ်မရှိတဲ့ ဝမ်းနည်းခြင်းဟာ
တငွေ့ငွေ့ထွက်တယ်ဆိုရုံ
လောင်နေတယ်
အော်သံမှာ
တကိုယ်လုံးဓားရှရာတွေနဲ့
အဖြူအမဲဓာတ်ပုံထဲက
အေးစက်နေတဲ့ စိတ္တဇ
ရောက်လာဖို့အတွက်
ပြန်ထွက်သွားရတယ်လို့ပဲ
သဘောထားလိုက်ပါတယ်
မျက်နှာပြင်ကိုပလုံစီတက်သွားတဲ့
ရေပူဖောင်းတွေကိုမြင်တိုင်း
ဒီနေ့ဟာဘာနေ့လဲ
နံရံတွေကို
သွေးရူးသွေးတမ်းခွာချပစ်ဖို့
မမြင်ရတဲ့ကျောပေါ်ကနံပါတ်နဲ့
ဖြစ်တည်မှု့ဟာဝိဥာဉ်လို
ဘာကြောင့်လဲမေးဖို့
အချိန်မရှိဘူး
ဘာမှမထူးဘူး
ဘယ်နေရာမှာမှရှိမနေခဲ့ဘူး
နာကျင်ခြင်းကလွဲရင်ဘာမှမရှိတော့အောင်
နာကျင်နေရတဲ့အခါ
ကမ္ဘာကခါထုတ်လိုက်တဲ့ပိုးမွှားအတွက်
ရုတ်တရက်လေငြိမ်သွား
တစ္ဆေ ဖြစ်မှာကြောက်လို့
တစ္ဆေဖြစ်သွားရတဲ့ မှတ်တမ်းတွေ။
တယ်ရီ
6.11.2013
11:00PM