Saturday 2 February 2013

"မွေးနေ့"


  • မွေးနေ့

အမေ မွေးရုံနဲ့ လူဖြစ်မလာဘူး  လူဖြစ်ချင်ရုံ သက်သက်နဲ့လည်း လူဖြစ်မလာဘူး
သွေးသားတွေ ပြည့်စုံရုံနဲ့ အကောင်ကြီးပြီး မဲထည့်ခွင့်ရရုံနဲ့ လူဖြစ်မလာဘူး
Facebook သုံးပြီး ရဲရဲတောက် အော်နေရုံနဲ့ တင်လူဖြစ်မလာသလို
အရပ်ထဲမှာ ဆေးမှင်ကြောင်တကားကားနဲ့ ရမ်းကားရုံနဲ့လည်း လူဖြစ်မလာဘူး
အကာအကွယ်သုံးရင် လူဖြစ်မလာသလို အရာရာအကွယ်ခံနေရရင် လူဖြစ်မလာဘူး
ယုံကြည်ရုံသက်သက်နဲ့ လူဖြစ်မလာသလို ပုံစံခွက်ထဲမှာ ဖိလောင်းခံရရင်လည်း လူဖြစ်မလာဘူး
အကျီင်္ဖြူ ကြီးဝတ် ပင်နီကြီးဝတ် ဆေးပြင်းလိပ်သောက် ဒီမိုကရေစီအော်နေရုံသက်သက်နဲ့ လူဖြစ်မလာသလို
ခူးပီးသား ခပ်ပီးသား မစားရလို့ သွားရေကျနေရင်လည်း လူဖြစ်မလာဘူး
မနေ့က လူဖြစ်လာတဲ့ကောင်က ဒီနေ့ လူမဟုတ်တော့သလို
လူတလုံး သူတလုံး လူလူသူသူ ဆက်ဆံနေရရုံသက်သက်ကလည်း လူဖြစ်မလာဘူး
မင်္ဂလာပါ ဘဘ ဘာညာ အော်နေရသဖြင့် လူဖြစ်မလာခဲ့သလို
ဟယ်လို ကို အကျယ်ကြီးအော်နေရသ၍ လူမဖြစ်သေးဘူး
မီတာ ပုံမှန်ဆောင်နေရုံသက်သက်နဲ့ လူမဖြစ်သလို ဘာကြောင့်ပျက်သလဲလို့
့မေးရင် လာမှာပေါ့ကွာဆိုတာကြောင့် လူမဖြစ်သေးဘူး
ဆန္ဒဖေါ်ထုတ်ခွင့်ဆိုတာ အိပ်ရာထဲမှာ အိမ်သာထဲမှာ ရှိနေရုံနဲ့ လူမဖြစ်သေးသလို
အခွင့်ထူးမခံဆိုလည်း လူမဖြစ်သေးဘူး အခွင့်ထူးခံနေရရင်လည်း လူမဖြစ်သေးဘူး
မီးနီမှာ မီးနီတာထက်ဆိုးတဲ့သူတွေ ဖျက်စီးနေသ၍ အထူးတန်းဆိုတာကလည်း လူမဖြစ်သေးတဲ့သဘော
မျှော်လင့်ချက် လေးထားပါ ဆိုတာနဲ့ လူဖြစ်မလာသလို အကောင်းမြင်နေတတ်ရုံနဲ့ လူမဖြစ်သေးဘူး
ငါနဲ့မတူ ငါ့ရန်သူ ဆိုတာက လူမဖြစ်သေးတာကို ပြသလို ငါ့ရန်သူရဲ့ ရန်သူက ငါ့မိတ်ဆွေ ဆိုတာနဲ့ လူမဖြစ်သေးဘူး
ငါက မြင့်မြတ်တယ်လို့ ဆိုနေတာနဲ့ လူမဖြစ်သလို ငါပြုတ်ရုံသက်သက်ကလည်း လူမဖြစ်သေးဘူး
လူမဖြစ်သေးတာကို ဒေါသထွက်လို့မရသလို လူမဖြစ်သေးတာကို ကျေနပ်ရုံသက်သက်က အဆင်မပြေသေးဘူး
လူဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းကို လူဆိုတဲ့ လူတွေ မဖြေနိုင်ကြသေးဘူး
မိဘတွေ များနေသ၍ လူမဖြစ်လာသလို မိဘလို့ သဘောထားနေတဲ့ မီးပွားတွေ များနေသ၍ လူမဖြစ်သေးဘူး
အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်နေရုံနဲ့ လူမဖြစ်လာသလို
အမျိုး ၊ ဘာသာ ၊ သာသနာကို မစောင့်ရှောက်ပဲနေရင်လည်း လူမဖြစ်ပြန်ဘူး
မဆိုင်ပါဘူးကွာ ဒိုးဒိုး အဲဒါ လူဖြစ်မလာသလို ၊ အဟဲဟဲ ဝေလေလေက လည်း လူမဖြစ်သေးဘူး
ညီမလေးကိုပဲ ချစ်နေရုံနဲ့ လူမဖြစ်လာသလို ညီမလေးက ချစ်နေရုံနဲ့လည်း လူမဖြစ်သေးဘူး
လူဆိုတာက သားဖွားခန်းက စသလား အရပ်လက်သည်က စသလား
အချင်းကြိုးကိုက်ဖြတ်တာက စသလား အာဒံ-ဧ၀က စသလား
ဗြဟ္မာကြီး လေးယောက်က စသလား မျောက်ကနေ ပြောင်းလာသလား
လူဆိုရင် အမေးအမြန်းထူသတဲ့ လူတွေက ပြောနေကြ
လူဆိုတာနဲ့ လူဖြစ်ပီလား လူမဖြစ်သေးဘူး ဆိုပါစို့
လူနာမည်တပ်ခံရပီး လူလို မဆက်ဆံခံရသ၍ လူဖြစ်မလာဘူး
မွေးနေ့ ဆိုတာက လူဖြစ်တဲ့ အထိန်းအမှတ်တဲ့လား
အမေ ချွေးတလိမ်းလိမ်းကျပီး အော်ဟစ် ညှစ်ထုတ်နေရတုန်းက Happy Birthday မအော်လိုက်ရ
အဲဒီတော့ လူမဖြစ်သေးဘူး



  • မောင်မြတ်သူ

No comments:

Post a Comment