Wednesday 27 March 2013

"ချစ်လက်စ တို့ မီးဆွဲခြင်း"

ခပ်ပြင်းပြင်းပြစ်လွှတ်လိုက်တဲ့ မောင်းပြန်ဓါးတစ်ချောင်းလို

မြို့ပြရဲ့ လက်တံပေါ်မှာ ညက ခပ်တည်တည်မျက်နှာထားနဲ့

နီယွန်မီးရောင်စုံအောက်မှာ ကျွန်မကိုအပင်းထည့်သွားတယ်

ကွေ့ကောက်သွားတဲ့ လောကမြစ် ကို တိုင်းထွာပြီး

ကိုယ့်ကြမ္မာနဲ့ကိုယ့်ကို တောက်ခတ် ဆဲရေးခံလိုက်ရတာပဲ။


အိပ်ရေးပျက်နေတဲ့ခုနှစ်က အထက်စီးဆန်ဆန်ပေါ်လွင်ပြီး

အခန်းကျဉ်ထဲ စကားလုံးကိုသပ်ပင်းထားတယ်

တင်စားမိလိုက်တဲ့ အရာက မီးစကြီးတစ်ဖက် ရေမှုတ်ကြီးတစ်ဖက်နဲ့ လမ်းလျှောက်ပြီးစီးဝင်တယ်

သက်ရှိကို သက်မဲ့ပြသလိုမျိုး အဲဒီ့ Logo လေးထဲ ရှင်ကရှိတယ်

ကြားနားကြီးမှားပြီး နားကြားကြီးမမှားလိုက်နဲ့

လောင်းထည့်ခံလိုက်တဲ့ ကြက်သီး တစ်ဖြန်းဖြန်းဟာ

မှောက်ချင်ပင်မယ့် သွန်လို့မရ သွန်ချင်ပင်မယ့် မှောက်လို့မရနဲ့

ခန္ဓာကိုယ်ဟာ ရှင်ပြုသမျှနုရတုန်းကလို အာစေးခတ်ခံလိုက်ရတာပဲ

ဘာကိုမှဖြတ်မကွေ့သေးဘဲ တန်းတန်းကြီးလွှတ်ပြေးမိတဲ့အချိန်

ကိုယုန်ကတောင်ဘက်အပြေး ကိုခွေးကမြောက်ဘက်အလိုက်ပဲ။

ထောက်ခနဲပွင့်လာ တဲ့မောင်းပြန်ဓါးဟာ  အဲ့ဒီဝတ်လွှာကိုစားပြီး ပြန်အန်ထုတ်သွားတယ်

ခံတွင်းထဲငုံထားတဲ့ မြွေဟာ  အထီးဖြစ်လိုက် အမဖြစ်လိုက်နဲ့

ကိုယ့်ကိုကိုယ် မိတ်လိုက်မိရတာလဲ အခါခါပေါ့။



လောကအိုးကို ယမ်းအပြည့်ထည့်ပြီး မီးညှိပေးလိုက်တာပဲ

ကြည်ထိုးမောင်းတင်ထားတဲ့ သေနတ်ကို ပါးစပ်မှ တေ့ပြီးမောင်းဖြုတ်အချ


စိတ်ခုခုသွားတဲ့  ညကို ခက်ခက် ထုတ်ဖို့

ရှင့်ကို အပြီးတစ်ခါထဲမေးခဲ့လိုက်မယ်

အချစ်လွန်တိုင်း အမုန်းလွန်တာ သိပ်ကောင်းလွန်းတဲ့အရသာလား

သူ့မှာလည်းမောင်းပြန်လာတဲ့အားနဲ့ကျွန်မရဲ့ရေးလက်စမှာလည်း

လောင်မီးဆွဲလက်စနဲ့ ခြံထဲကပျိုးခင်းဟာ စိုက်လို့ကောင်းပြီး တူးဆွပေါင်းသင် လို့ကောင်းတုန်း။


                                                                    မင်းခိုင်မြဲ


PS; ပြီးခဲ့တဲ့ တစ်နှစ်ခွဲလောက်က ရေးဖြစ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ပါ ။

Sunday 24 March 2013

လူမျိုးကြီး ၊ ဘာသာကြီး စိတ်ဓါတ်များ ၀င်နေသော လူမျိုးငယ် ဘာသာငယ် နိုင်ငံလေး


ဒီကိစ္စကို မရေးဖူးလို့ စဉ်းစားထားတာပါ .။ ဒါပေမယ့် ရေးချင်စိတ်ကို ဘယ်လိုမျှ ထိန်းမရတဲ့ အတွက် ရေးလိုက်ပါပြီ။ ကျွန်တော့် အနေနဲ့ ဘယ်ဘာသာတရား ကိုမှ ဖင်းပြီး ရေးမှာ မဟုတ်သလို ။ ဘယ်ဘာသာဝင်ကိုမှ မုန်းတီး စိတ်နဲ့ရေးမှာ မဟုတ်ပါဘူး ။ လူမျိုးရေးဘာသာရေး အလွဲသုံးစားပြုသူတွေရဲ့ အသုံးမ၀င်လှမှုတွေကို ထောက်ပြချင်ယုံသက်သက်သာ ဖြစ်ပါတယ်။

အခု မိတ္ထီလာမှာ သာမာန် ပဋိပက္ခ တစ်ခုကို အရင်းပြုပြီးတော့ သွေးဆာသူတွေ ၊ ရုန့်ရင်းကြမ်းတမ်းသူတွေ ၊ အမြတ်ထုတ်လိုသူတွေက စတင်ပြီး ဘာသာရေးအဓိကရုဏ်း ၊ လူမျိုးရေးအဓိကရုဏ်းအသွင် ရောက်လာအောင် ပြုလုပ်နေတာကို မြင်တွေ့ရပါတယ်။
သာမာန် ပဋိပက္ခပြဿနာကို ဥပဒေဘောင်အတွင်းကနေ ဖြေရှင်းဖို့ မကြိုးစားပဲနဲ့ ။ အကြမ်းဖက်ခြင်း မီးရှို့ခြင်း လူသတ်ခြင်း စတဲ့ ကိစ္စတွေကို ပြုလုပ်တာဟာ အလွန် ရင်လေးဖို့ ကောင်းတဲ့ ကိစ္စရပ်တစ်ခုပါ ။
လက်ရှိ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီ ကို ပြောင်းလဲယူဖို့ ကြိုးစားဆဲ အနေအထားတစ်ခုမှာသာ ရှိပါတယ် ။ ဒီလို အခြေအနေမှာ မလိုလားအပ်တဲ့ နိုင်ငံတကာရဲ့ အထင်အမြင် လွဲမှားမှုကို ရယူဖို့ ကြိုးစားနေတဲ့ လုပ်ရပ်တွေဟာလည်း အံ့အားသင့်စရာ ဖြစ်နေပါတယ်။

ဒီမိုကရေစီ ဆိုတာဘာလဲ ?

ဒီမေးခွန်းတွေကို လက်ရှိ အဓိကရုဏ်းတွေကို ပြုလုပ်နေသူတွေ ။ သွေးဆာနေသူတွေကို ကျွန်တော် မေးချင်နေတယ်။

ဒီမိုကရေစီ ဆိုတာ အခုလို လက်လွတ်စပယ် လူမျိုးရေးခွဲခြားပြီး ဘာသာရေးစော်ကားမှုတွေ လုပ်ပြီး လူသတ်ဖို့ မဟုတ်သလို
ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီ ဆိုပီး ဒီလို လုပ်ချင်တာ လုပ်လို့ရတယ် ဆိုတဲ့ အမြင်မျိုးတွေ ကိန်းဝပ်နေသလားမသိ ။
လူကို လူလို မမြင်တော့တဲ့ မှတ်ချက်တွေ ၊ လုပ်ရပ်တွေ ကို ကျွန်တော်တို့ အခု ဆိုရှယ်နက်ဝေါခ့် တစ်ခု ဖြစ်တဲ့ Facebook မှာ ကောင်းကောင်းကြီး မြင်နေရတယ် ။ မီးတွေလောင်နေတဲ့ ဘာသာရေး အဆောက်အအုံတွေ ၊ ခိုကိုးရာမရ ဖြစ်နေတဲ့ အိုးအိမ်မဲ့ လူတွေ ၊ မိဘမဲ့ သွားမယ့် ကလေးတွေ ၊ စီးပွားပျက်သွားရင်းကနေ အိမ်ထောင်ပါ ပျက်သွားတော့မယ် မိသားစုတွေ ၊ ပညာရေး ဆုံးရှုံးရတော့မယ့် ကလေးငယ်တွေ ဒါတွေကို မမြင်နိုင်လောက်အောင် လူမျိုးရေး၊ ဘာသာရေး မှိုင်းတွေဟာ ကျွန်တော်တို့ကို မှိုင်းတိုက်နေပါတယ် ။ လူသားချင်းစာနာမှုတွေ ၊ လူ့အခွင့်အရေးတွေ ၊ တာဝန်ယူမှုတွေ မရှိပါပဲနဲ့ ဒီမိုကရေစီ အော်ပြီး လုပ်ချင်ရာ လုပ်နေတာဟာ မည်သူမျှ အာဏာမသိမ်းပါပဲနဲ့ ကျွန်တော်တို့ အပြောင်းအလဲကာလမှာတင် အလိုလို နောက်ကြောင်းပြန်လှည့်သွားပါလိမ့်မယ်။


လက်ရှိအချိန်မှာ အစ္စလာမ်ဘာသာကို ဆန့်ကျင်ဖို့ လှုံ့ဆော်မှုတွေက အားကောင်းလာတာကို မြင်ရပါတယ် ။ မေးခွန်းမေးစရာ ရှိတာက ဒီလို ဘာသာရေးခွဲခြားသူတွေဟာ  ဘာကြောင့် အစ္စလာမ်ဘာသာ ကို ဆန့်ကျင်ကြတာလဲ?ဆိုတဲ့ မေးခွန်းပါ

ဒီဟာကို ကျွန်တော် မြင်မိသလောက် ချရေးကြည့်ပါမယ်။

(1) 786 ဆိုတဲ့ ကိန်းဂဏန်းကို 21 ရာစုမှာ အစ္စလာမ်ဘာသာကသာ ကမ္ဘာကို စိုးမိုးရမယ် ဆိုတဲ့ စွပ်ဆွဲချက်။

(2) ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို မူဆလင်အမျိုးသားတွေက ထိန်းမြားရင် ပိုက်ဆံထောက်ပံ့ပါတယ် ဆိုတဲ့ စွပ်ဆွဲချက်။

(3) အယ်လ်ကေဒါ ကဲ့ သို့ သော အကြမ်းဖက်အဖွဲ့တွေ ။

(4) မူဆလင်ဘာသာဝင် အချို့ရဲ့ စီးပွားရေုးလုပ်ငန်းတွေ အောင်မြင်မှု ကြီးမားနေခြင်း

(5) ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး ရေချိန်လျော့ကျမှု

ဒီအချက်တွေကို အဓိက ကျွန်တော် မြင်လာရတယ်။

(1) ကျွန်တော့် အနေနှင့်ကတော့ 786 ဆိုတဲ့ ဂဏန်းဟာ မြန်မာပြည်မှာပဲ သုံးတာကို သိရသလို မူရင်းဟာ အာရဗီ စကားဖြစ်ပီး ကိန်းဂဏန်းအနေနဲ့ စီလိုက်ရင် 786 ဆိုတဲ့ ဂဏန်းတွဲကို ရတယ် ။ (အလ္လာဟုအရှင် ၏ ဂုဏ်တော်ကို တသပြီး အစပြုပါသည်) လို့ သိထားတယ် ( အမျိုးပျောက်မှာ စိုးကြောက်စရာ လို ခိုးထုတ်တဲ့ ဘာသာရေးမှိုင်း စာအုပ်မျိုးတွေမှာတော့ 21 ရာစု မှာ ကမ္ဘာကို လွှမ်းမိုးဖို့ ဆိုပီး ရေးထားတယ်)။သေချာတာကတော့ အစ္စလာမ်ဘာသာရေးအကြီးအကဲတွေလည်း မညွှန်ကြားထားသလို၊ ကိုရမ်ကျမ်းမှာ 786 ဆိုတဲ့ ဂဏန်းနဲ့ ကမ္ဘာကို သိမ်းရမယ်လို့ ညွှန်းဆိုချက် ပါမထားပါဘူး။

(2)  ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေကို မူဆလင်တွေ လက်ထပ်ရင် ပိုက်ဆံထောက်ပံ့ပါတယ် ဆိုတဲ့ ဆွဲချက်ဟာလည်း ယနေ့အထိ သက်သေပြလို့ မရပါဘူး ။ ဘာသာပြောင်းတယ်ဆိုတဲ့ ကိစ္စဟာလည်း လူတစ်ဦးတစ်ယောက်နဲ့ပဲ ဆိုင်ပါတယ် ။ တစ်ဖက်ဘာသာကို ပြောင်းသွားတဲ့ အတွက် ကျွန်တော်တို့ အနေနဲ့ သွားပီး ပြဿနာရှာလို့မရသလို ။ ကိုယ့်ဘာသာကို တစ်ဖက်က ပြောင်းလဲရင်လည်း ပြဿနာလာရှာလို့ ရမှာ မဟုတ်တာကို သတိချပ်ရပါမယ် ။

(3) အကြမ်းဖက် အဖွဲ့ဆိုတာ မည်သည့် ဘာသာဝင်မဆို ဖြစ်နိုင်ပါတယ် ။
အယ်လ်ကေးဒါးဟာ အခု ရက်စက်ပါတယ်လို့ နာမည်ကြီးနေတယ် ။
ဒါပေမယ့် နောက်အနာဂါတ်မှာ လက်ရှိ 969 တံဆိပ်ကပ်နေတဲ့ အဖွဲ့တွေကကော ဒီလို ဖြစ်မလာနိုင်ဘူးလား ?
လက်ရှိ လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြံနေပုံမျိုးဟာ နောက်အခါမှာ ဒီလိုမျိုး အစွန်းရောက်ဘာသာရေးအဖွဲ့အစည်း တစ်ခု ထပ်မထွက်လာနိုင်ဘူးလား ။ ကျွန်တော်တို့ဟာ အကြမ်းဖက်မှုနဲ့ ဘာသာတရားနဲ့ကို ခွဲမြင်ဖို့ လိုနေပါပြီ ။ လက်ရှိမှာ အစ္စလာမ်မုန်းတီးရေး လုပ်နေတဲ့ ပုဂ္ဂိုလ်တွေ အနေနဲ့ အစ္စလာမ်ဘာသာဝင်မူဆလင် လူတိုင်းကို ဘင်လာဒင်ကို ကြိုက်ပါသလား အယ်လ်ကေဒါးကို ထောက်ခံပါသလားဆိုတာ ကို မေးသင့်ပါတယ် ။
ဂျီဟဒ်ဆိုတာ တစ်ဖက်သားက စော်ကားလာမှ ပြန်လည်တုံ့ပြန်ရတယ် ဒါတောင်မှ ကလေးတွေ ၊ အမျိုးသမီးတွေ ၊ သက်ကြီးရွယ်အိုတွေ မပါဝင်စေရလို့ သိမှတ်ထားပါတယ် ။ အဲ့တော့ အဖြေက ရှင်းပါတယ် ။
ဘာသာရေးအစွန်းရောက် အယ်လ်ကေးဒါးတွေဟာ အစ္စလာမ်ဘာသာကိုလည်း စော်ကားသူတွေဆိုတဲ့ အချက်ကို သိရသလို ၊
ဘာသာရေးအစွန်းရောက်လာသည့် မည်သည့်အဖွဲ့မဆို မူရင်းဘာသာတရားကို သိသိသာသာ စော်ကားတယ်ဆိုတဲ့ အချက်ပါပဲ။

(4) မူဆလင်ဆိုင်တွေမှာ ဈေးမ၀ယ်ဖို့ ၊ မူဆလင်ဘာသာဝင်တွေကို ဘေးဖယ်ထုတ်ဖို့ ဆိုတဲ့ အချက်တွေနဲ့ ဗုဒ္ဓဘာသာမှာတစ်ခါမှ မရှိခဲ့တဲ့ ကိန်းဂဏန်းတွေနဲ့ သီးသန့် အမိန့်ထုတ်ပြန်ချက်ကဲ့သို့ ၊ ဘာသာရေးကနေ လူနေမှုကို သိသာစွာ ၀င်ရောက် စွတ်ဖက်လာတာ ကို တွေ့မြင်ရပါတယ် ။ဒါဟာ စီးပွားရေးဆိုင်ရာ ထိုးနှက်ချက် တစ်ခုသာ ဖြစ်ပြီးတော့ ဘာသာရေးနဲ့ လုံးဝ မသက်ဆိုင်တာကို ကျွန်တော်တို့ သတိထားကို ထားရမယ့် အခြေအနေပါ ။ ဘာသာ သာသနာ ဆိုတာ တစ်ဖက်သားကို တိုက်ခိုက် ထိခိုက် စီးပွားရေး ပိတ်ဆို့ပြီးမှ ကာကွယ်စောင့်ရှောက်ရတယ် လို့ ကျွန်တော်တို့ ဂေါတမဗုဒ္ဓက မဟောပြောခဲ့သလို ။ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျမ်းဂန်တွေမှာလည်း တစ်ခါမှ ရေးသားထားခြင်း မရှိပါဘူး။
လက်ရှိအချိန်မှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေ ၊ မလေးရှား ၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေမှာ အလုပ်သွားရောက် လုပ်ကိုင်နေကြတဲ့ လူတွေဟာလည်း အများအပြားရှိနေပါတယ် ။ ဒီလူတွေဟာ တကယ်တမ်း ဘာသာရေး အဓိကရုဏ်း ကြီးကျယ်လာလို့ အဆိုပါ နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေ အနနဲ့ ဒုက္ခပေးမယ်ဆိုရင် ဦးစွာခံရမယ့် လူတွေပါ ။ ဘာသာ သာသနာကို ကာကွယ်ကြ အမျိုးကို ချစ်ကြဆိုတဲ့ ဘုန်းတော်ကြီးတွေအနေနဲ့ ဒါကို တွေးမိပုံမပေါ်ပါဘူး ။

(5) ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး ရေချိန်လျော့ကျမှုဟာ ဘယ်လောက်အထိ အရေးပါသလဲ ဆိုရင် ဘာသာရေးနဲ့ အမျိုးသားရေးကို တွဲမြင်လာတဲ့ အထိကို တလွဲဆံပင်ကောင်းနေတာကို မြင်ရပါတယ် ။ ဗုဒ္ဓဘာသာရဲ့ မူရင်းလားရာဟာ လက်ရှိအချိန်မှာ ဟိန္ဒူတွေနဲ့ အစ္စလာမ်ဘာသာဝင် အများစု ရှိနေတဲ့ အိန္ဒိယက လာတာ ဖြစ်ပါတယ် ။ လူမျိုးရေးခွဲခြားမှု တစ်ခု အနေနှင့် လက်ရှိ အစ္စလာမ်ဘာသာဝင် မူဆလင်တွေကို ခွဲခြားလိုရာကနေပြီး ဗုဒ္ဓကပဲ မြန်မာပြည်မှာပဲ ပွင့်ခဲ့သလိုလို ။ လက်ရှိ အစ္စလာမ်ဘာသာဝင် ကုလားတွေ( မူဆလင်တွေပါ လူမျိုးရေးခွဲခြားတဲ့ လူတွေရဲ့ အသုံးကို မြင်သာအောင်ယူသုံးခြင်းဖြစ်ကြောင်း ၀န်ခံပါရစေ) ဟာ အမျိုး နိမ့်ကျသူတွေ စတဲ့ လူမျိုးရေးခွဲခြားမှု ဇာတ်နိမ့်ဇာတ်မြင့် ခွဲခြားမှုကို အစောဆုံး ဆန့်ကျင်ခဲ့တဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရနဲ့ တန်ဖိုးမြင့်မားမှုကို ဗုဒ္ဓဘာသာဝင် အမျိုးကောင်းသားတွေက ဖျက်ဆီးကြတာဟာ အံ့သြစရာပါပဲ။
နောက်ပြီး ဗုဒ္ဓမြတ်စွာ ကိုယ်တော်တိုင် ကျင့်သုံးသလို အမြဲဆုံးမခဲ့တဲ့ အရာရာကို မေတ္တာတရားနဲ့ ရှု့မြင်ပါ ၊ နှလုံးသွင်းပါ ဆိုတဲ့ တရားကိုပါ မလေးမခန့်ပြုကာ အခြားဘာသာတရားကို ဆဲရေးခြင်း ၊ စော်ကားခြင်းတွေ ပြုလုပ်လာတာဟာ မူရင်းဘာသာတရားကို ကိုးကွယ်ယုံကြည်သူတွေက ဖျက်စီးနေတာကို ကိုယ်တိုင် မသိမြင်တာပါပဲ၊
ကျွန်တော် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေကို သတိပေးလိုတာကတော့ ဗုဒ္ဓဘာသာဆိုတာ ဗမာလူမျိုးတွေအတွက် သက်သက် ပေါ်ထွန်းလာတာ မဟုတ်ပါ ၊
ဗုဒ္ဓဘာသာဆိုတာ ဗုဒ္ဓကိုယ်တော်တိုင် ဟောပြောခဲ့တဲ့ သံသရာမှလွတ်မြောက်ကြောင်းတရားတွေ ဖြစ်ပြီး ဗုဒ္ဓရဲ့ဟောပြောချက်တွေကို လွန်ဆန်သူဟာ ဗုဒ္ဓဘာသာဝင် မဟုတ်ပါဘူး ဆိုတဲ့ အချက်ကိုပါပဲ။

ယခုလို အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်နိုင်ငံကို တစ်ကမ္ဘာလုံးက စောင့်ကြည့်နေပါတယ် ။
မိတ္ထီလာမှာ သာမာန် ပဋိပက္ခတစ်ခုကို လူမျိုးရေး ဘာသာရေး အဓိကရုဏ်းအဖြစ် ပြောင်းလဲလိုက်တဲ့
လူတွေရဲ့ အကျည်းတန်လှတဲ့ စိတ်ဓါတ်တွေဟာ အံ့သြစရာ ကောင်းလောက်အောင်ကို ယုတ်ညံ့လှပါတယ်။

အဓိကရုဏ်းတွေမှာ အသက်တွေဆုံးရှုံးရခြင်း ၊ စီးပွားရေးပျက်စီးရခြင်း ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ကာလရှည်ကြာ ခံစားရခြင်းနဲ့ လူမျိုးရေးမုန်းတီးမှု ဘာသာရေုးမုန်းတီးမှု အပြန်အလှန်ဖြစ်ပေါ်ခြင်းတို့သာ ရရှိမယ်လို့ ကျွန်တော် မြင်မိပါတယ်။

လွတ်လပ်စွာ ကိုးကွယ်ခွင့်ဆိုတာကို အသိအမှတ်ပြုတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဘာသာရေးအဆောက်အအုံတွေ ဆောက်တာကို ဟန့်တားချင်ရင် မည်သည့် ဘာသာမဆိုရဲ့ ဘာသာရေးအဆောက်အအုံဆောက်လုပ်ခွင့်တွေကို ပိတ်ပင်ခြင်းတွေကို ပြုလုပ်ပေးရပါမယ်။ သက်ဆိုင်ရာ အဏာပိုင်တွေက ဟန့်တားမှုကို ပြုလုပ်ရပါမယ် ။ တရားမျှတမှုဆိုတာကို ကျွန်တော်တို့ ကောင်းစွာအကောင်အထည်ဖေါ်သင့်ပါတယ် ။ ငါ့ကျဖြူစေ သူ့ကျ မဲစေ ဆိုသည့် အချက်ဟာ စဉ်းစားဆင်ခြင်ဥာဏ်နည်းသူများ နှင့် အတ္တကြီးသူများကသာ ပြုလုပ်ကြခြင်ြးုဖစ်တာကို မဖြစ်မနေ သတိပြုသင့်တယ်။

ဟစ်တလာဟာ လူမျိုးရေးခွဲခြားမှုတွေ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျူးလွန်ခြင်းကနေ အစ္စရေးနိုင်ငံပေါ်ထွန်းခဲ့ပါတယ်။
အားကြီးစွာ ဖိနှိပ်လေ ဖိနှိပ်ခံရသူတွေက ရုန်းကြွလေ ဆိုတဲ့ အချက်ကို လူတော်တော်များများ သတိမမေ့သင့်ပေ။
အစ္စလာမ်ဘာသာဝင်တွေဟာ မြန်မာပြည်မှာ ဟိုး လွတ်လပ်ရေးမရခင်ထဲက ရှိခဲ့သလို လွတ်လပ်ရေးတိုက်ပွဲတွေမှာလည်း အမြဲတမ်းထိပ်ဆုံးက တက်တက်ကြွကြွ ပါဝင်ခဲ့တာကို ကျွန်တော်တို့ သတိမမေ့သင့်။
လူမျိုးရေးမှိုင်း ဘာသာရေးမှိုင်းတွေ ယခုကဲ့သို့ ခေတ်မစားခင်က ကျွန်တော်တို့ဟာ ချစ်ခင်စွာနဲ့ အတူတူ နေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

မြန်မာနိုင်ငံသားဆိုတဲ့ အလံတစ်ခုအောက်မှာ နိုင်ငံသားဖြစ်မှုအောက်မှာ ဘာသာတရားတွေဟာ အသုံးမ၀င်တော့သလို လူမျိုးရေးအမြင်ဟာလည်း အသုံးမတည့်တော့ပါဘူး။ အိမ်ရှင်ဆိုတာ မရှိတော့သလို ဧည့်သည်ဆိုတာလည်း မရှိတော့ပါဘူး။

မည်သူမျှ မပိုင်တဲ့ နိုင်ငံကို ငါ့ဟာဆိုပြီး လက်လွတ်စပယ်နဲ့ နိုင့်ထက်စီးနင်း ပြုမှု ဆက်ဆံမယ်ဆိုရင် ကမ္ဘာကလည်း သည်းခံမှာ မဟုတ်သလို ၊ လောကပါလတရားကလည်း သည်းခံမှာ မဟုတ်ပါ။
တကယ်တမ်း ဘသာရေးစစ်ပွဲသာ ဖြစ်လာခဲ့ရင် ကျွန်တော်တို့ နိုင်ငံဟာ လပိုင်းမကြာပဲ ချေမှုန်းခံလိုက်ရလို့ မြေပုံပေါ်ကပါ ပျောက်သွားနိုင်တယ်ဆိုတာကို လူမျိုးရေးမုန်းတီးမှုသမားတွေ ဘာသာရေးမုန်းတီးမှုသမားတွေ သတိချပ်နိုင်ပါစေ။





မောင်မြတ်သူ
( ဓါတ်ပုံတွေကို Eleven Media Group မှ ယူ၍ ဖေါ်ပြပါသည်)


Sunday 17 March 2013

"ဆက်ထုံးဖြူ"


  ကောင်းကင်တစ်ခြမ်းအခိုးခံလိုက်ရသည်။တစ်ခါတစ်ရံဝမ်းနည်းမှု့သည် မျက်ရည်ကျဖို့  မေ့လျှော့စေတတ်သည်။

သံပတ်မပေးဖြစ်သည်မှာကြာပြီ။ငရဲတစ်ခုကို သူမ ဖွက်၍ သယ်ဆောင်လာကြောင်း မသိချင်ယောင်ဆောင်ပေးထားလိုက်သည်။ပျော်ရွှင်ဖို့ ကအဓိကပဲမဟုတ်လား။သူမရယ်သံလေးများအား

ဓါတ်ပုံရိုက်ထားမိလားမပြောတတ်။စိတ်ဝန်းကျင်တစ်ခုလုံး အနက်ရောင်အငွေ့အသက်၊ကြည့်နေရင်း

မှန်ချပ်တို့ အက်ကြောင်းလိုက်လာသည်။



             “ငါဒီစကားကို ဘယ်ကစပြောရမှန်းမသိတော့ဘူး …..ဒါပေမယ့် မပြောလို့ လဲမဖြစ်ဘူး…”



ရင်ဝဆီဦးတည်ပျံသန်းလာသောမြှားတစ်စင်း၏ရနံကိုရလိုက်သည်။တွေးထားသလိုမတွေးပါစေနဲ့…….

တွေးထားသလိုမတွေးပါစေနဲ့…..။အရေးပေါ်ကားများဖြတ်သန်းသွားလာနေကြဆဲ…။အဆိပ်ခွက်အတွက်

အသက် ကို တ၀ရှုသွင်းလိုက်မှု့နှင့်အတူ နာကျင်မှု့များ တစ်ကိုယ်လုံး ပြည့်နှက်သွားသည်။

ကြားဖူးနေကျအသုံးအနှုံးပါပဲ။တွေ့မြင်နေကျအခြေအနေမျိုးပါပဲ။ရိုးစင်းသည်ထက်ကိုပိုမိုရိုးစင်းခဲ့တယ်။



      “ငါတို့ လမ်းခွဲရအောင်….နောက်ထပ်လည်းမတွေ့တော့ဘူးအဲ့ဒီအတွက်ငါ့မှာ

        အကြောင်းပြချက်လည်းမရှိဘူး…..”



စိုက်ပျိုးဖို့ ထက်ခုတ်လှဲဖို့ လွယ်ကူတယ်မဟုတ်လား။ကျောခိုင်းဖို့ အတွက်မျက်နှာချင်းဆိုင်လမ်းလျှောက်ခဲ့တယ်။

ဖျက်စီးဖို့ အတွက်ဖန်တီးခဲ့ခြင်းများ……..။သစ်ရွက်တွေကြားထဲ နွေဦးရာသီပါ ကြွေကျလာတယ်။အိပ်မက်တို့ 

အတန်ကြာသည်အထိ ဆွံ့အနေကြသည်။မျက်ဝန်းတစ်ဖက်မှလှိမ့်ဆင်းလာသော တောင်းပန်တိုးလျှိုးသံတို့ 

ဆို့ နင့်အက်ကွဲ သူမဘယ်တော့မှမကြားနိုင်မယ့် ပုံပြင်တစ်ပုဒ်ဖြစ်တယ်။



 ထိုအချိန်မှစ၍ နာရီတို့ ရပ်တန့် သွားသည်။မိနစ်တို့ ရပ်တန့် သွားသည်။သက္ကရာဇ် တို့ ရပ်တန့် သွားသည်။နောက်ဆုံး

တိုက်လက်စလေတို့ ပင် ရပ်တန့် သွားသည်။တစ်ဖက်သတ်ကြီးအရှုံးပေးနေတော့ကစားရတာပျင်းတာပေါ့။

သူမနှင့်ကျွန်တော်ကစားခဲ့ဖူးသော ဂိမ်းတစ်ခုဖြစ်သည်။ရှုံးတဲ့သူဟာရူးသလို ရူးတဲ့သူဟာလည်းရှုံးတာပဲ။

ပိုင်ဆိုင်ခွင့်အားလုံး နားလည်မှု့ဖြင့်လွှဲပြောင်းပေးလိုက်ပါတယ်။





                                   “မင်းသာမရှိရင်

                                     ငါတို့ ဟာနှစ်နားညီတြိဂံတစ်ခု



                                     ဖြစ်လာမှာမဟုတ်ဘူး

                                     ပြဇာတ်ထဲမှမင်းသား၏

                                     အသံကိုကြားလိုက်ရသည်

                                     ကျွန်ုပ်ကတော့

                                     ဗဟိုမရှိသော

                                     စက်ဝိုင်းတို့ ကိုသာ

                                     အထပ်ထပ်ရေးဆွဲနေမိသည်။”





 အရုပ်ကြိုးပြတ်ညနေခင်းတွေထဲတစ်ယောက်ထဲလျှောတိုက်ရွေ့လျားနေတဲ့အခါ၊

ဆောင်းအိပ်မက်တွေထဲဖုန်းမြည်သံတွေပဲကြားနေရတဲ့အခါ၊တကယ်တော့ပြီးဆုံးသွားတယ်ဆိုတာ

တစ်ခဏလေးပါပဲ။သူမလိုအပ်ချက်တွေထဲ အရံခုံမှာပဲထိုင်နေရတာများတယ်။ပျော်စရာလို့ ခေါ်ကြတဲ့

ရုပ်ငြိမ်ဇာတ်လမ်းတွေ၊pause နှိပ်ထားလိုက်ရတဲ့ အနှိမ်ခံဂီတတွေ၊လွှင့်လက်စရေဒီယိုညပိုင်းအစီအစဉ်တွေ

ပြီးပါပြီ……………….စောင့်တိုင်းလွဲခဲ့တဲ့ခရီးသွားဟန်လွှဲအချိန်တွေ….တွေ့တာနဲ့မျက်နှာလွှဲလိုက်ကြတဲ့

နှုတ်ကတိတွေ…..လှည့်ကြည့်ဖို့ မလိုအပ်တော့ဘူးလို့ တွေးသွားတဲ့ အိမ်ပြန်ချိန်တွေ…ပြတင်းပေါက်အပြင်

ဘက်မှာ ကြေကွဲခြင်းတွေ သည်းသည်းမည်းမည်းရွားနေလေရဲ့၊



      “လိုက်ခဲ့စမ်းပါ ဟာ နင်ကလည်း…….ငါ့မွေးနေ့ မှာ နင်ပါတော့ပျော်စရာကောင်းတယ်

        နို့ မို့ ဆို အားလုံးက ပါးစပ်တွေ ပိတ်နေကြမှာ … တိတ်တိတ်ဆိပ်ဆိပ်ကြီးမနေချင်ဘူး

        မပူပါနဲ့   နင့် ကိုယ်ပိုင်နံပါတ် လည်း မပါပါဘူး…..စိတ်ချ”



သူမနှင့်ပတ်သတ်ပြီး ရင်းနှီးခဲ့ရတဲ့ သူငယ်ချင်းရဲ့မွေးနေ့ ။ သူပါရင်ငါမလာဘူးနော် …ဆိုတဲ့ စကားစုကို

အားလုံးဝိုင်းရီကြတယ်။အဲ့ဒီတစ်ညလုံး သူမ ပါလာစေဖို့  ဆုတောင်းနေခဲ့တာ ဘယ်သူမှမသိလိုက်ဘူး။

တစ်ညလုံးမအိပ်ဘဲ ငါ  အိပ်မက်တွေ ထိုင်မက်နေလေရဲ့………။



ငါ့ရှုံးနိမ့်မှု့ကိုငါပြန်မကြည့်ရဲဘူး…..ဖြူ။ ကျေးဇူးပြုပြီး မျက်လုံးချင်းမဆုံလိုက်ပါနဲ့ ။

 ငါဟာသေပြီးသားလူ၊ပျက်ကျပြီးသားစွန်၊ရွာချပြီးသားမိုးတိမ်တွေပါ။

ပစ္စုပန် မှာထိုင်နေရင်း အရင်နှစ်က မွေးနေ့ပွဲဆီ ငါလိပ်စာမှားပြီးရောက်သွားတယ်။

သူမမွေးနေ့မှာ သူမဘာကြောင့်နောက်ကျနေရတာလဲ…..ကျွန်တော်မှာသူမအတွက်

မေးခွန်း တွေ များမျာားးစားမရှိခဲ့ပါဘူး။



ကိုယ့်မွေးနေ့တောင်ကိုယ်မမှတ်မိတဲ့ ငါ့လိုကောင် အတွက် ပထမဦးဆုံး ဆိုဖူးတဲ့ happy birthday

သီချင်းပါ။ကိတ်မုန့်တွေမျက်နှာကိုယ်စီမှာ ပေပွကုန်တယ်။



          “ကိတ်မုန့် ကြီးကအကြီးကြီးပဲ…….အများကြီးကျန်သေးတယ်….ဘယ်လိုလုပ်မလဲ..”



တစ်ယောက်တစ်ပေါက်ဆူညံသံတွေကြားထဲ သူမက ကျွန်တော့ကို မျက်စိတစ်ဖက် မှိတ်ပြပြီး

ဦးဆောင်တယ်။



          “ဘာမှမပြောကြနဲ့…..ငါ့မွေးနေ့ ဆိုတော့ ဒါငါ့ကိတ်မုန့် ပဲ…ဟုတ်တယ်နော် တယ်ရီ…..

            ငါပဲကုန်အောင်စားမယ်…..”





 ညနေခင်းတစ်ခုလုံး ပန်းနုရောင်တွေ ဖွေးနေခဲ့တာပဲ..။ ဘာကံကြမ္မာလဲ ……..

ချစ်သူရဲ့လက်တစ်ဖက်ကိုဆုတ်ကိုင်ထားရင် အားလုံးကို ငါအလဲထိုးနိုင်တယ်…..။



          “ငါပြောသားပဲ…..ခုတော့ရင်တွေကြပ်နေပြီမဟုတ်လား….ဒီလောက်အများကြီးကျန်တဲ့

            ကိတ်မုန့် တွေကို တစ်ယောက်တည်းစားပစ်ရတယ်လို့ ….။”



ဂရုဏာဒေါသတစ်ဖက် ၊ကြည်နူးမှု့တစ်ဖက်နှင့် နှုတ်ခမ်းတို့  ကွေးညွတ်သွားစေသည်။

ပစ္စုပန်မှာ ၀ိုင်းကြည့်နေကြတဲ့ သူငယ်ချင်းတွေ။

              

          “တယ်ရီတော့လွတ်သွားပြီထင်တယ်……ဟေ့ ….. ဟေ့ …ငါတို့ ပြောနေတဲ့အကြောင်းမှာ

ပြုံးစရာတစ်ခုမှ မပါဘူး…။



ကံဆိုးစွာပင် သူမ မျက်ဝန်းနှင့် ကျွန်တော့် တိုက်ရိုက်ဝင်တိုက်မိသွားသည်။လွှဲလိုက်တမျက်လုံးမှာ

အားငယ်မှု့တွေ ပါတယ်ဆိုတယ်ဆိုတာ နင်သိလား ဖြူ……..။ငါဟာနင့်ရှေ့မှောက်မှာ

အမြဲတမ်းရိုကျိုးနေခဲ့သူပါ။သတိလက်လွတ် အပြုံးကို သူမတော့ရိပ်မိကောင်းပါရဲ့။



ပြီးဆုံးသွားတဲ့ မွေးနေ့ပွဲရဲ့ လေးလံထိုင်မှိုင်းမှု့တွေကို အယ်ကိုဟော နဲ့ဖြိုချဖို့ အတွက်

ကျွန်တော်တစ်ယောက်တည်း ထွက်လာခဲ့တယ်…..လမ်းမီးတွေကျွန်တော့ ကိုယ်ပေါ်မှာ

လောင်ကျွမ်းနေတယ်။တွေ့ဆုံနေရပြီး လွမ်းရတာက ပိုခံရခက်တယ်….ဖြူ….။

ဘရိတ်ပေါက်သွားတဲ့ လက်ချောင်းတွေ ကီးပတ်ပေါ် ပြေးလွှားသွားတယ်….။



       “…………………………………..

        ဟယ်လို………………………………….”



ထူးသံမကြားဘဲဆိုင်းငံ့နေတဲ့ လက်ခံမှု့ကို မ၀ံမရဲ ဆက်သွယ်လိုက်တယ်။



       “နင်ဒီနေ့ပျော်ရဲ့လား………ဖြူ….”



တိတ်ဆိတ်မှု့ဟာ စက္ကန့်တွေကို ပိုမိုချောက်ခြားစေတယ်။တုံပြန်မှု့ မရှိသေးတဲ့အသံလေးကို

စောင့်မျှော်နေမိ…။သေမိန့် ကျအကျဉ်းသားကအချိန်တွေကိုစောင့်နေရသလို၊ရင်ဘတ်မှာကပ်ချည်ထားတဲ့

ချိန်ကိုက်ဗုံးတွေရဲ့ကိန်းဂဏန်းတွေကိုစောင့်နေသလို၊နေရောင်ခြည်တွေကိုစောင့်နေသလို၊ပန်းပွင့်တွေ

ပွင့်အာလာမယ့်ရက်စွဲကိုစောင့်မျှော်နေသလို၊ဒွိဟတွေရင်ထဲပတ်ပြေးနေတယ်။



       “ငါတစ်ဝက်ပဲပျော်နိုင်ခဲ့တယ်……….နင်ကော……”



တုံပြန်မှု့မှာဓါး၊လှံတွေမပါတာတော့သေချာသွားပြီ။ဒါပေမယ့်တိမ်တွေလည်း မ “ဆဲ” သေးဘူး။



        “အတူတူပါပဲ ….. ငါလည်းတစ်ဝက်တည်းပျော်နိုင်ခဲ့တယ်………

          ဒါပေမယ့် ငါတို့ နှစ်ယောက် ပြန်ခေါ်ခဲ့ရင် ပျော်ရွှင်မှု့ဟာ

           တစ်ခုဖြစ်မလာနိုင်ဘူးလား…………….”



သူမရဲ့ တိုးလျလျရယ်သံလေးမှာ စိတ်လက်တွေပေါ့ပါးသွားတယ်။ဒီရက်စွဲကို ငါ ဒိုင်ယာရီထဲ

ထည့်မှတ်ထားရလိမ့်မယ်……။



           “တယ်ရီ……အမေလာနေပြီ…..ငါဖုန်းချလိုက်တော့မယ်…..”



            “ခဏလေး……..ခဏလေး…….ဒါဆိုငါမနက်ဖြန်ဖုန်းဆက်လို့ ရမလား…..”



           “အင်း………နင် ဆက်ချင်စိတ်ရှိရင်ပေါ့…………..”



မီးလာပြီဟုဝမ်းသာအားရအော်ဟစ်ဖူးပါသလား။မုန်တိုင်းကင်းစင်သွားပြီဖြစ်ကြောင်း

မိုးလေ၀သအစီအစဉ်မှကြေငြာလိုက်သည်။(တစ်ဖက်သတ်)သူမနှင့်ကျွန်တော်

ယခုဘာတွေလဲ…..ဘယ်လိုလဲ……ဘာတွေဖြစ်လာမှာလဲ…….ဘယ်ကိုသွားမှာလဲ….။

ဘာကိုမှ ကိုယ့်ကိုယ်ကို ပြန်မမေးချင်တော့ပါ။ချစ်တယ်….ဆိုတာ တစ်ယောက်တည်းလည်း

ဖြစ်တဲ့အလုပ်ပဲမဟုတ်လား….။မနက်ဖြန်များစွာကို ကျောခိုင်းထားလိုက်တော့သည်။

မီးပျက်ချိန်ကိုမေ့လျော့ချင်ယောင်ဆောင်ထားသောကျွန်တော့ကို လူမိုက်ဟုပင်ခေါ်ဆိုစေချင်သည်။

အနာဂတ်တို့ ဆက်ရန်ရှိသေးသည်ကိုသတိမပေးပါနှင့်…..။





(အက်ဆေးရေးဖွဲ့ဟန် နှင့် ၀ထ္ထုတိုရေးဖွဲ့ဟန် ကိုပေါင်းစပ်ထားသော စမ်းသပ်မှု့ဖြစ်သည်ဟု ကျွန်တော့

ကိုယ်ကျွန်တော်ယူဆသည်။ရောက်သည် မရောက်သည်၊ဖြစ်သည် မဖြစ်သည်ကို ဝေဖန်ပေးစေလိုပါသည်။)





*တယ်ရီ

14.3.2013

113pm

ဖန်တီးချိန်-၁၉နာရီ

'အပြောင်းအလဲ'


အပြောင်းအလဲတွေကြောင့်လား မသိဘူး
အခုတလော နှာစေးချောင်းဆိုး ဖြစ်တာ များနေတယ်
ရာသီဥတုအပြောင်းအလဲလား - နိုင်ငံရေးအပြောင်းအလဲလား - အတွေးအခေါ်အပြောင်းအလဲလား
စိတ်ဓါတ်အပြောင်းအလဲ ဆိုလည်း ခင်ဗျား သဘောပေါ့
ကျွန်တော်တို့ဟာ ပြောင်းလဲမှု ဆိုတဲ့ အရာကို ဖင်ခုထိုင်နေကြ
(ဖင်ဟာ အငြိမ်နေလို့ မရတဲ့ အပြောင်းအလဲပေါ့)
လူနေတိုက်ကြား စိတ်နေဆိုက်ကားပေါ် လို့ ဆိုရမလို
အပြောင် အလည် သွားနေတုန်းမှာ
အပြောင်းအလဲဟာ ဖြစ်ပေါ်လာပြန်တယ်
ဒီမိုကရေစီ ချည်နီနီလေးတွေ ပတ်ထားတဲ့
သင့်ရဲ့ မန်းကြိုးလေး ဘုန်းကံမနိမ့်ရေးအတွက်
ဟိုတန်း ဒီတန်း ရှောင်ပြီး ထိန်းသိမ်းတဲ့ ကျေးတောသူလေးလို
ရိုးသားပြနေကြ ၊ ချီးကျူးပြနေကြ ၊ ကဲ့ရဲ့ပြနေကြ
ချီးမွမ်း ခုနှစ်ရက် (ပြီးတော့) ကဲ့ရဲ့ ခုနှစ်ရက်
မသာဆိုတာ ခုနှစ်ရက်ပြီးရင် ပြီးပီ မဟုတ်လား
အဲဒီတော့ သေတဲ့သူတွေကို ချက်ချင်းမေ့ကုန်ကြ။
ဟိုး အရင် အဘိုးတို့ အဖေတို့ ခေတ်တုန်းကတော့
လက်ညှိုးထိုးမလွဲတဲ့
သစ်တောကြီးတွေ ၊ တောင်တန်းကြီးတွေ ၊ ရေနံတွင်းကြီးတွေ
ဟိုး လို့ အော်တားနေရတဲ့ ငါတို့ အိပ်မက်ထဲမှာတော့
သွားကြားထိုးတံတွေ ၊ ချိုင့်ဝှမ်းတွေ ၊ ဖယောင်းတိုင်လေးတွေ
အပြောင် အလည်တွေ စွတ်သွားနေတုန်းမှာ
အပြောင်းအလဲ ကို ကိုင်ကြည့်ကြတာပေါ့
ခိုးလိုး-ခုလု ကြီး တဆန့်ဆန့်ဖြစ်ကျန်ခဲ့ရအောင်
စာတတ်သူ-မတတ်သူ-လုပ်သင့်-မလုပ်သင့်-ပုဒ်ထီး-ပုဒ်မ
လိုင်းတွေဟာ မျက်ခုံးပင့်လောက်အောင်  ရှုတ်ရှက်ခက်ကုန်။
ဒီလိုနဲ့
အပြောင်းအလဲဟာ တိတ်တိတ်လေး မျက်စပစ်ပြတယ်
ဒီအရွေ့ဟာ ဘာညာ မဲဆွယ်ပွဲတုန်းကကြားလိုက်ရတယ်
နောက်ပြန်မလှည့်နဲ့တဲ့ အရက်သမားကပြောတယ်
ဘကြီးတော်မင်းတရားလက်ထက်မှာ ဘာညာပြောနေသံဟာ ရေဒီယိုကထွက်လာ
ဒီနိုင်ငံတော်ကြီးဟာ တစုတစည်းထဲ တိုက်ယူခဲ့ရတာပါတဲ့
ဒီအသံ ကြားတုန်း တီဗီပိတ်လိုက်သလို
မီးလည်း ပျက်သွားတယ်
ဘယ်ခွေးမှ လူမထင်ဘူးဆိုတဲ့ အရက်သမား လမ်းထဲ ၀င်လာတုန်း
ခွေးကို လူမထင်ပဲ ငါအိပ်လိုက်ပါပေါ့။


မောင်မြတ်သူ

Wednesday 6 March 2013

@ သို့... ပစ္စုပန် မှ... အနာဂတ် @


ဘာကြီးလဲ
မနက်အိပ်ယာထ မျက်နှာသစ် ညအိပ်ယာဝင်ခြေထောက်ဆေး နဲ့
ဟိုနေရာမှာ စစ်ဖြစ်နေတယ် ဟိုနေရာမှာ စေ့စပ်ညှိနှိုင်းနေတယ်..
ဆိုသူကဆို ငိုသူကငို ပျော်သူကပျော် အော်သူကအော်
ငါတို့ နေနေကြတာ နေမပူဘူးလား ၊
ကိုယ့်အရိပ်ကိုဆုပ်ဖြဲပစ်ပါ ။

မင်းလဲလူပဲ သားကြီးရာ လက်ဘက်ရည်ဖိုးပိုက်ဆံတတ်နိုင်ရင်
လ ကမ္ဘာကို အချိန်ပိုင်းတက်သိမ်းလို့ရတယ်...တစ်ခုခုဆို ဆုတောင်းလိုက်ပေါ့ ။

ငါတို့ဟာ ငါတို့ ကဗျာတွေလိုပဲ ဘယ်တံဆိပ် ရိုက်နှိပ်ရမှန်းမှမသိတာ
နှာခေါင်းကထွက်တဲ့ နှပ်ချေးဖတ်နဲ့ အိုဇုန်းလွှာလဲတက်မဖာနိုင် ။

သွေးပြန်ကြော  တချို့ အေးခဲကုန်ပြီ သူငယ်ချင်း ။

မင်းမသိလိုက်ဖူးမဟုတ်လား
ဟိုတစ်နေ့က မိုးလေ၀သ သတင်းထဲမှာ ဇတ်လမ်းဆုံးသွားတဲ့အမှတ်အသားတစ်ခုအကြောင်း
အတိုချုံးပြောရရင် ငါ့အသက် ၂၉ နှစ် ပြည့်တော့မယ်သူငယ်ချင်း မင်းလဲသေးသေးလေးမှ
မဟုတ်တော့တာ ပြက္ခဒိန်ကိုင်ပြီး တက်စရာရှိတက် ဆင်းစရာရှိဆင်းကြယုံပေါ့ ။

နောက်ကကျော်တက်သွားတာက မင်းမသိသေးတဲ့ မနက်ဖြန်တွေပဲဖြစ်ပါလိမ့်မယ်
ဘာစိတ်ပူနေစရာလိုလဲ သူငယ်ချင်းရယ် ငိုစရာတွေ့ ငို ပျော်စရာတွေ့ပျော်
၀၀ လင်လင်အိပ်မက်မက်ကြတာပေါ့ ။

အနည်းဆုံးတော့ တံခါးပိတ်တတ်မှာပါ...
ခင်ဗျားအတွက်အဆင်သင့်ဖြစ်နေပါပြီ ဘာညာပေါ့ ။

ပြီးတော့လဲ လူပျောက်ကြော်ငြာထဲကလူလို ရောက်ရာအရပ်ကပြန်လာ
တကယ်တော့အစကတည်းက မလိုတမာ စကားပြောမဲ့အစား အသက်ကို
အပ်ချည်ကြိုးနဲ့ဆွဲချုပ်လိုက်ရမှာ။

လူပြောသူပြောများတဲ့ တချို့ ကိစ္စတွေကဘာမှမဟုတ်ဘူးသူငယ်ချင်း ။

အရင်လိုပဲအချိန်တွေက အပြောင်းအလဲမြန်တုန်းပဲ... ခုဆိုငါတို့ကမ္ဘာကြီးက
အရင်ထက်ပိုပူလာပြီ ...မင်းမေ့နေလို့ဖြစ်မှာပါ သေသွားတဲ့ ငါတို့သူငယ်ချင်းလဲ
ရေကူးတတ်တယ်ဆိုတာ ။

လူတိုင်းလူတိုင်း တစ်ယောက်ပါးစပ်ပေါက်ထဲတစ်ယောက်ဝင်ရောက်ပျောက်ကွယ်သွားပုံ
မြွေလည်းမကြောက် ကင်းလည်းမကြောက် ကိုယ့်ပေါင်ကိုလှန်ထောင်းပြီး
အသက်ကိုလုရှင်ကြရတယ်...ဘာကြီးလဲ မနက်အိပ်ယာထ မျက်နှာသစ်
ညအိပ်ယာဝင်ခြေထောက်ဆေးနဲ့ ... ။    ။

                                                                  ဒီလူ(တောင်တွင်းကြီး)

Sunday 3 March 2013

လတ်ဆတ်သစ်သီးများ (မောင်ဖီလာ)

ငါ့မျက်လုံးထဲကြယ်တွေ အရင်လို အကူးအခတ်မလုပ်တော့
ငါ့အကြေးခွံကလဲ အရင်လို အရောင်တဖျတ်ဖျတ် မလက်တော့
အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်လာသူ
ငါ့အသံဟာ အရင်လို
ကျောက်ဆောင်ကို ထစ်ချုန်းဆောင့်ခွဲနိုင်ဦးမလား
ဟိုးတုန်းက ငါတို့ရဲ့ လွတ်လပ်ပေါ့ပါးသော ပျော်ရွှင်မှု
စက္ကူလေတံခွန်လေးလို အခုပြန်ပြီး ရစ်ယူချင်မိတယ်
ငါဟာ ဂျင်းဘောင်းဘီနဲ့
နားကွင်းတစ်ဖက်နဲ့
ဖိလစ်ပိုင်မကလေးလက်ကိုဆွဲလို့
မိုးရွာထဲ လမ်းမတွေပေါ် လျှောက်ပြေးခဲ့ကြတာ သတိရမိတယ်
အဲဒီတုန်းက သက်တံဟာ ငါတို့အရောင်နဲ့
အကြောက်အလန့်မရှိတာ ကြောက်စရာကောင်းမှန်း ငါတို့မသိခဲ့
ငါတို့ရိုးသားခဲ့ကြတာ ငါတို့မသိခဲ့
ငါတို့အတွေ့အကြုံဟာ ငါတို့ဥစ္စာဓနမှန်း ငါတို့မသိခဲ့
ငါတို့ဘွတ်ဖိနပ်တွေဟာ ပေါက်ပြဲလို့
ဒါပေမယ့် ပင်လယ်တစ်ခုလုံးရဲ့ အလှပဆုံးအစိတ်အပိုင်းဟာ
ကမ်းခြေလို့ ငါတို့သိခဲ့တယ်
ငါတို့ရယ်သံဟာ စကြ၀ဠာနံရံကိုသွားမှန်ပြီး
နွားနို့ပူပူတွေအဖြစ် စီးဆင်းလာကြတယ်
ညနေ(၆)နာရီ
ငါတို့ဟာ ဘတ်စ်မှတ်တိုင်မှာရပ်လို့
ဆည်းဆာဟာ ငါတို့ရဲ့အရွယ်ကိုငေးမောလို့  ။     ။
(Beauty Magazine – ၂၀၀၄)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)