Monday 25 February 2013

ငြိမ်းချမ်းရေး ဆိုသည်အရာ တွေ့လို့ ကလစ်ကြည့်လိုက် မိတယ်


  •          ငြိမ်းချမ်းရေး ဆိုသည်အရာ တွေ့လို့ ကလစ်ကြည့်လိုက် မိတယ်

INTERNATIONAL PEACE DAY (Sept 21)   --    Click ... Click (နှစ်ချက် တိတိ ကလစ်)

1st Click---= စစ်ပွဲ+ဆာလောင်မှု+ရမ္မက်+ဒေါသ+အာဏာ+ကုန်ဈေးနှုန်း+
                     ဘာသာတရား(အစွန်းရောက်မှု)+အထွေထွေလူမှုဘ၀+..........။



2nd Click---=စာပေရေးရာ+ ပုံစံပြောင်းအုပ်ချုပ်ရေးစနစ် +  ပထ၀ီဝင်အနေအထား+
                    စိုးရိမ်စဖွယ်မြို့ကြီးများ-(မန္တလေး/မူဆယ်) + မြေသိမ်းတိုက်ပွဲ+
                    အဖွဲ့အစည်းမှတ်ပုံတင်ရေးဥပဒေ +လူကုန်ကူးမှု ဥပဒေ + အိမ်နီးချင်းဧ။် မယားလောင်းလေးများ +
                    ပြည်ပရောက်များ ပြန်လာခြင်း +
                    ရုပ်ရှင်ကားတစ်ကားကြောင့် ဖြစ်ပေါ်လာသော လူသတ်မှတ်တမ်း +
                    ဘင်လာဒင် အမှတ်တရများစွာ +......။


ရပ်လိုက်တယ်။
မရပ်မနား ကျ လာတဲ့            
                                 အသွေးအသားတွေ ၊ လူမှု ဘ၀တွေ ၊ ကလေးသူငယ်တွေ ၊ ပညာရေးစနစ်တွေ
အော်သံတွေ ဆူလျက်။

                             ပြည်တွင်းအစီအစဉ်ကော ပြည်ပအစီအစဉ်ပါ လှလျက်ပလျက် ပန်းပန်လျက်။


  • မောင်မြတ်သူ

မှတ်တိုင်

  • မှတ်တိုင်


တက်စီးဖို့ ရည်ရွယ်ချက်တွေနဲ့ အကြမ်းဖက် ခံနေရတဲ့ မှတ်တိုင်
မှာ
လူအများ ရပ်စောင့်နေကြတယ်
မှတ်တိုင် ဆိုတာ တစ်ယောက်ဆင်း တစ်ယောက်တတ်သတဲ့
မှတ်တိုင်ဆိုတာ တန်းတွေ စီထားရဲ့
မှတ်တိုင် ကို တက်စီးဖို့ ရည်ရွယ်ချက်တွေနဲ့ လူများကို မှတ်တိုင်က

ကွမ်းတံတွေး တပျစ်ပျစ်နဲ့ ကျော်တယ် ခွတယ် ဆိုတာက မှတ်တိုင်
ခွက်ကျော်နှိုက် လက်ကုန် ရိုက်တာကလည်း မှတ်တိုင်
ခါးတွေ ရှိသတဲ့ ၊ဓါးတွေ ရှိသတဲ့၊ကလေးတွေ ရှိသတဲ့ ၊ သတင်းတွေ ရှိသတဲ့
ရေပူရင် သောက်ဖို့ ရေခဲရေ ရှိသတဲ့
လူတစ်ယောက်ချင်းဆီရဲ့ မြေနီကုန်း-မဟာမြိုင်မှစ လှည်းတန်း-ဘူတာရုံမှသည် သမိုင်း (မှတ်တိုင်)
ဒီလိုနဲ့ မှတ်တိုင်ဟာ မောင်းပြေးသတဲ့၊ မှတ်တိုင်ဟာ လူပိုတွေ တင်သတဲ့ ၊
မှတ်တိုင်ဟာ စည်းကမ်းချိုးဖေါက်သတဲ့
မှတ်တိုင် ဆိုတာ တစ်ယောက်ဆင်း တစ်ယောက်တတ်သတဲ့
မှတ်တိုင်တွေက နောက်ပြန်သွားနေကြ
မှတ်တိုင်တွေက တည့်တည့်တိုးနေကြ
မှတ်တိုင်တွေဟာ သူတလူ ငါတမင်းနဲ့
မှတ်တိုင်တွေက စီးနင်းနေတဲ့ မိဘ ပြည်သူ တွေကို သားသမီးတွေလို သဘောထားသတဲ့ (ရယ်စရာမှတ်တိုင်)
တချို့သော မှတ်တိုင်တွေဟာ ပြောင်းလဲ ကုန်တယ်
တချို့သော မှတ်တိုင်တွေကတော့ ဒုံရင်းက ဒုံရင်း
အပြောင်းအလဲဟာ အနည်းငယ် မျက်စီစပ်စရာ
ပြေးသာလိုက် တဲ့
ဒါလည်း မှတ်တိုင်
သေသွားတော့လည်း နာမည်ရေး
ကျန်ချင်တာ ကျန်ခဲ့တာက မှတ်တိုင်။


  • မောင်မြတ်သူ

နားကိုက်ရောဂါထဲက ရင်ဘတ်နာဝေဒနာ


နောက်ကွယ်ကအတင်းအဖျင်းတွေက
ထော်လော်ကန့်လန့်ကြီးကျွန်တော့်နားထဲကို
ခုန်ခုန်ဝင်လာတာ မမိုက်ဘူးဗျာ..။

စိတ်ကြီး ခုခုသွားတယ်.. ။

ကျွန်တော့်ခံစားချက်ကို ကျွန်တော်
ပြန်ကောက်ကောက် .. ကိုင်ပေါက်ပေါက်ပေါ့
ကျွန်တော့် မှာလဲ ပုတုဇဉ် ဗို့အားအပြည့်ရှိတာပဲ ။

ကျွန်တော့် စိတ်ဓါတ်ထဲ ခင်ဗျားသေချာပျော်ဝင်ကြည့်ပါ ..
ကျွန်တော့် ကဗျာဟာ ကျွန်တော်ပဲ..။
ကျွန်တော့်နေထိုင်မူဟာ ကဗျာ ပဲ ။

ခင်ဗျားလဲသိမှာပါ " ၀ " မရှိတဲ့ " ၀ိ "တွေကို...၊

သဒ္ဒါအဟောင်းအနွမ်းတွေနဲ့ ကျွန်တော့် ခေါင်းကို
ပစ်ပစ်ပေါက်တာတော့....မမိုက်ဘူးဗျာ..။
ကျွန်တော်အခါခါ ပြောဖူးသလိုပေါ့
" ကဗျာဆိုတာ စာတတ်တိုင်းဖတ်လို့မရဘူး" ဆိုတာ

စာလုံးပေါင်းတတ်ပြီး ကဗျာမဖတ်တတ်တဲ့ ခင်ဗျားက "ပညာတတ်ကြီး"ပေါ့
တစ်ချို့က ကျွန်တော့် ၀ါကျတွေစားပြီးပြန်အန်ထုတ်တယ်...
ခုများတော့ ဆရာကြီးအထာတွေနဲ့..။

လောလောဆယ် ကျွန်တော့် အရေပြားတွေ အယားမပြေသေးသရွှေ့
တရားမရချင်သေးဘူး..။
ပုတုဇဉ်ပီသချင်သေးတယ်..။
စကားလုံးတွေနဲ့ လေတိုက်ချင်သေးတယ်..။
ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ..။     ။

                                              ဒီလူ(တောင်တွင်းကြီး)

"သူမဟာငါ့ရှုံးနိမ့်မှု့ရဲ့ပထမဦးဆုံးသင်္ကေတဖြစ်တယ်"


တိတ်ဆိပ်မှု့အမှတ်(၁)အားနားကြပ်တပ်လိုက်သည်။

သွေးလွန်ထားသောလူမမာတစ်ဦးဖြစ်ကြောင်းမေ့လျော့နေခဲ့သည်။

တံခါးတစ်ခုရှေ့တွင်ရပ်နေမိသည်။သံမဏိနှင့်ပြုလုပ်ထားသောတံခါးတစ်ချပ်ဖြစ်သည်။

သစ်သားဖြင့်ပြုလုပ်ထားသောတံခါးတစ်ချပ်ဖြစ်သည်။မီးတောက်တစ်ခက်ဖြစ်သလို

နှင်းပန်းတစ်ပွင့်လည်းဖြစ်သည်။တံခါးသည်အပူချိန်မည်မျှထိခံနိုင်ရည်ရှိသနည်း။

တံခါးအားမည်သည့်အတွက်ကြောင့်တပ်ဆင်ထားသနည်း။

တံခါး၏အခြားတစ်ဖက်တွင်မည်သည့်အရာများရှိနေနိုင်သနည်း။

တံခါးတွင်ပြတင်းတစ်ခုရှိနိုင်သလား။တံခါးသည်ကျွန်တော့အားရီနေမည်လားမသိ။

တံခါးအားဖွင့်ဖို့ မကြိုးစားမိသည့်ကျွန်တော့်ကိုယ်ကျွန်တော်နားမလည်နိုင်သေးပေ။

လေတိုက်၍ကုန်သွားတော့မည့်ဆေးလိပ်ကိုထိုးချေလိုက်မိသည်။

ညနေခင်းလေးအားအိပ်မက်ထဲထည့်ကာသိမ်းဆည်းထားချင်မိသည်အထိ

စွဲလမ်းမိနေပြီ။



 “အနာဂတ်ကိုမှတ်စုထဲကူးထားဖို့ 

   မမှီလိုက်ဘူး…………………..

   ဒီလိုနဲ့နောက်တစ်ရက်

   ခေါင်းအုံးအောက်ကကြယ်တစ်လုံးကောက်ရခဲ့တယ်။”



ကမ္ဘာဦးကူးစက်ရောဂါဟုပင်ခေါ်ဆိုပါ။ကြိုးတန်းမှချော်ကျလာသောနံနက်ခင်းတွင်

တိမ်တိုက်တို့ မနိုးသေးပေ။သစ်ရွက်တို့ လှုပ်ခပ်သွားရုံလေတိုက်နှုန်းဖြစ်သည်။

ဧည့်သည်မရှိသောဧည့်ခံပွဲတစ်ခုဖြစ်သည်။သမရိုးကျပေါ့ဆိမ့်တစ်ခွက်သာဖြစ်သည်။

ကွန်ယက်အတွင်းမှမျက်ဝန်းလေးသည်ကျွန်တော့ရှုးသွပ်မှု့၏သွေးခုန်နှုန်းပြ

ဇယားကွက်တစ်ခုဖြစ်သည်မှာသေချာသွားပြီ။သို့ သော်သူမအတွက်တော့

ကျွန်တော်သည်သာမန်လူတန်းစားမျှသာဖြစ်သည်။ရေတစ်ခွက်လောက်တိုက်ပါ…

မျက်ဝန်း…။မင်းဟာငါလိုအကြမ်းဖက်သမားတစ်ဦးအတွက်ပထမဦးဆုံးအနုပညာ

ဖြစ်တယ်။ပြီးတော့ မင်းမသိတဲ့ မင်းရဲ့ပရိသတ်တစ်ဦးလည်းဖြစ်တယ်။

တကူးတကမဟုတ်ဘူးဆိုရင်ငါ့ရင်ဘတ်ကိုနှလုံးခုံစက်နဲ့ဖိထားပေးပါ။

ငါ့ပုခုံးပေါ်မှာမှီထားမယ့်မင်းဆံပင်လေးတွေကိုမြတ်နိုးမှု့အကြောင်းကို

သီဆိုပြချင်လို့ ပါ။

                    

  “မပြောဖူးသေးတဲ့လိပ်ပြာ

   မကြားဖူးသေးတဲ့ဂီတ

   မကြည့်ဖူးသေးတဲ့ညနေနဲ့

   မထိုင်ဖူးသေးတဲ့ကြယ်တွေ

   သံစဉ်တွေကအစရစ်မူးဖွယ်ရာကောင်းလွန်း”



မင်းဟာပန်းပွင့်တွေကိုနှစ်သက်မယ့်သူလား……………………………….

မင်းဟာပန်းပွင့်တွေကိုနှိပ်စက်မယ့်သူလား…………ငါမသိဘူး။

ငါ့ကိုဟင်းလင်းပြင်တစ်ခုလိုသာပြုံးပြပါ။ငါ့ကိုယ်ငါလက်ဆောင်အဖြစ်

ပို့ ပေးလိုက်မယ်။ငါ့ဆီ လာလည်ပါ။မယုံကြည်ဘူးဆိုရင်တောင်မှ

ငါ့ဆီလာလည်ပါ။မသင်္ကာတဲ့မျက်လုံးတွေနဲ့ဖြစ်ဖြစ်ငါ့ဆီလာလည်ပါ။

တစ်စုံတစ်ယောက်ရဲ့ဒဏ်ရာဟာတစ်စုံတစ်ယောက်မှာရီစရာ

ဖြစ်နေမယ်လို့ ယုံကြည်ရင်လည်းအကောင်းစားဟာသတစ်ပုဒ်လို့ 

တွေးပြီး ငါ့ဆီ………………………………………လာလည်ပါ။

မိုးတွေရွာနေတဲ့ပန်းချီကားတစ်ချပ်ကိုတော့မင်းမျက်ဝန်းထဲ

မဆွဲရက်ခဲ့သူမို့ …..မပြောပါရစေနဲ့……….ငါ့ကိုယုံပါ။

တကယ်တော့မင်းဟာငါ့ရဲ့ရက်စွဲမတပ်ရသေးတဲ့သေမိန့်တစ်ခုသာဖြစ်တယ်။

                    

 “ဘယ်တော့မှအဖြေမရှိတဲ့

   မေးခွန်းမျိုးနဲ့

   ငါ့ကိုယ်ငါပြန်ပြီးလုပ်ကြံမယ်

   ကြေကွဲခြင်းကိုပျိုးဖို့ 

   ဘယ်လိုသတ္တိမျိုးလိုအပ်သလဲ”။





*တယ်ရီ

15.1.2013

0200am

"သူ့အကြောင်းကိုကမ္ဘာတောင်ဘာမှမသိလိုက်ဘူး"


သူ့ငယ်ရွယ်စဉ်ဟာသတင်းစာမရောင်းခဲ့ရဘူး

ဖိနပ်အကောင်းစား၊အင်္ကျီအကောင်းစား၊ဘ၀အကောင်းစား             

ထပ်ခိုးပေါ်ကတစ်ခါပြုတ်ကျဖူးတယ်

ဒီအဖြစ်အပျက်တွေအားလုံးဟာအိပ်မက်ကနေစတာ

ဒီလိုနဲ့မနက်မိုးလင်းသွားတယ်ဆိုပါတော့

သူမရှိတော့ဘူး…………….သူမရှိတော့ဘူးလို့ 

အိမ်နီးနားချင်းတွေပြောပြချက်အရ

မနေ့ညကကြယ်တွေတော်တော်ကြွေတယ်

ပြီးလည်းပြီးရောဥက္ကာခဲတစ်လုံးပြုတ်ကျလာတာပဲ

ခုချိန်ထိစကားမေးမရသေးဘူး

“သူ့ကိုမွေးပြီးပြီးချင်းအသက်၂၀ပြည့်တယ်”

“ပန်းချီကားတွေဟာသူနဲ့တစ်ညလုံးစကားထိုင်ပြောလေ့ရှိတယ်”

“သူဟာအနုစိတ်ရူးသွပ်နေတဲ့မှတ်စုတစ်အုပ်ပဲ”

သူဟာသူ့ကိုယ်သူပင့်ကူအိမ်တစ်ခုလို့ခံယူထားတယ်

သူဟာသူ့ကိုယ်သူငိုကြွေးလို့ မရတဲ့လူရွှင်တော်

သူဟာသူ့ကိုယ်သူရေတွက်လို့ မရတဲ့အကြွေစေ့

သူ့ရယ်သံတွေဟာကျိန်စာပဲ

မြင်ကွင်းဟာခုံးသွားလိုက်ခွက်လာလိုက်

လမ်းဆိုတာကိုယ်လျှောက်ခဲ့တဲ့အတိုင်းပဲကျန်ခဲ့မှာ

သူရွတ်ပြနေကျကဗျာ

ခုတလောသူချောင်းဆိုးတာစိတ်လာတယ်

သူ့ရင်ဘတ်ကိုဖြတ်လိုက်ရတော့မယ်တဲ့

အဲ့ဒီနောက်ပြန်ပွင့်လာတဲ့နေဟာအေးစက်နေသလို

အဲ့ဒီနောက်ဘယ်တောအုပ်မှာမှငှက်သံမကြားရတော့သလို

အဲ့ဒီနောက်ပြန်သေသွားတဲ့ပင်လယ်ဟာငြိမ်သက်လို့ ။



*တယ်ရီ

1.2.2013

1052pm

"အိပ်မွေ့မိနေတဲ့ထောင်ချောက်"

နံပါတ်ပြားကိုဘယ်သူမှတ်မိလိုက်သလဲ
ငှက်အုပ်ထဲနံနက်ခင်းပြုတ်ကျလာတယ်
ဓါတ်ကြိုးမှာတွဲလောင်းကျနေတဲ့အနံ့အသက်
အနံ့အသက်ဟာဇီဝဖြစ်တည်မှု့
အနံ့အသက်ဟာကွင်းဆက်လူသတ်သမား
အနံ့အသက်ဟာဗီဇမြှင့်တင်ထားတဲ့အင်းဆက်
အနံ့အသက်ဟာရွှေကုတင်ပေါ်ကတွေးခေါ်သူရုပ်တု
moon တည့်ချိန် နိုးလာမယ့် မြို့တွေရှိတယ်
ဖန်ခွက်ထဲဆံပင်အကြေတွေဖောက်ထည့်
အဖျားဘယ်နှဒီဂရီလောက်ရောက်ခဲ့ဖူးလဲ
နောက်ကျခဲ့တာကိုကကံကောင်းခြင်းပဲဆိုတာမျိုး
နည်းပညာအသစ်        လူနေမှု့အသစ်
ကြောက်ရွံ့မှု့အသစ်      မလုံခြုံမှု့အသစ်
ရေမွှေးနံ့နောက်ရေတံခွန်တွေတရွတ်တိုက်ပါလာတယ်
အသားထဲမြုပ်နေတဲ့ဝါယာကြိုးအစအနတွေ
ဆက်ရွေ့ဖို့ ဗို့အားဘယ်လောက်လိုမလဲ
လူတစ်ယောက်ကိုနားလည်ပါတယ်လို့ ဘယ်တော့မှမပြောနဲ့
ပြတ်ထွက်လာတဲ့ဂြိုလ်စဟာသူဆီကိုမှရွေးပြီးလာတဲ့အကြောင်း
ရှေ့တည့်တည့်ကနံရံကိုရုပ်ရှင်ပိတ်ကားတစ်ခုလိုဈာန်ဝင်စားရင်း
ကျွန်တော်မရှိတော့ဘူး၊ခင်ဗျားမရှိတော့ဘူး ပြီးတော့ သူတို့ လည်းမရှိတော့ဘူး။
*တယ်ရီ
၁၄.၂.၂၀၁၃
100 pm

"ငါကြည့်နေတုံး မြိ့က ပိုပိုအို"

  • ငါကြည့်နေတုံး မြိ့က ပိုပိုအို


အမှတ်မှားစရာ ကွဲပြားမှုတွေနဲ့ ကြီးပြင်းလာရင်း
မြို့ပြရဲ့ အသံတိတ် ပျက်စီးမှုမှာ အသားကျပေါ့
ငါကြည့်နေတဲ့ လမ်းမ ယိုယွင်းမှုတွေအတိ
အဲဒီ လမ်းမပေါ်ကို စီးနင်းလိုက်ပါနေတဲ့
လူတွေ လမ်းတွေ လမ်းတွေပေါ်ကလူတွေ
ဂွမ်ဒေါင်းတွေ ဆိုက်ကားတွေ မော်တော်ကားတွေ
အသက်မဲ့နေတဲ့ ဆက်သွယ်မှုတွေနဲ့ အတူ
အသက်ရှိနေတဲ့ အမုန်းတရားတွေ
ဝိ၀ါဒတွေ အဘိဓမ္မာတွေ
အရောင်စိုးခံထားရတဲ့ ကော်ဖီခွက် အပါအ၀င်
လတ်တလော
နွေဦးရဲ့ အညီအဟောက် ကင်းစင်နေတဲ့
လိင်မှုရေးရာ အရှုပ်တော်ပုံ အကြောင်းကော
21 ရက်ကို ကျော်လွန်လာတဲ့
ဒီဇင်ဘာ သားသတ်ခန်း အကြောင်းကော
ဖတ်လိုက်ရတဲ့ သတင်းစာရဲ့
ဂြိုဟ်သားတွေနဲ့ ဆက်သွယ်မှု အကြောင်းကော
မြိှု့ပြရဲ့ အသံတိတ်ပျက်စီးမှုကို
မေ့လျော့စေနေတယ်။
ငါကြည့်နေတုန်းပဲ သမိုင်းတွေ သစ်လာတယ်
ကဗျာတွေ သစ်လာတယ်
ရေပေါ်က လှေတွေ သစ်လာတယ်
ငှက်တွေ သစ်လာတယ်
လူတွေ သစ်လာတယ်
နှင်းတွေကို သစ်ပင်တွေက ကိုက်လာတယ်
ဆင်ခြင်တုံတရားကို ယဉ်ကျေးမှုက ကိုက်လာတယ်
တယ်လီဖုန်းကို ဈေးကွက်စီးပွားရေးစနစ်က ကိုက်လာတယ်
ပြိုပျက်ကျလာတဲ့ မြို့ပြရဲ့
သတိမထားမိတဲ့ တစ်စိတ်တစ်ပိုင်းမှာ
ချဲထိုးနေတဲ့ အဒေါ်ကြီးရဲ့ ကဗျာတွေ
ဟောင်းနွမ်းလှတဲ့ အရေးအသားပေါ်
မျှော်လင့်ရင်း
ငါဟာလည်း မြို့ပြရဲ့ ပျက်စီးမှုကို
စီးကရက် တစ်လိပ်နဲ့
အသာငမ်းငမ်း အရသာခံနေပေါ့
ထားဝယ်က ရေနက်နေတဲ့ ဆိပ်ကမ်းပေါ်
ရေခပ်နေတဲ့ လုံမတွေ
အပြေးအလွှားပစ်ခတ်နေတဲ့
ဒီမိုကရေစီ ကျည်ဆန်တွေ
ငါမေ့လျော့နေတဲ့
သူမရဲ့ ပင်တီ နီနီလေး
မြို့ပြရဲ့ ခွဲစိတ်ခန်းထဲမှာ
မြို့ပြကို ခွဲစိတ်ခဲ့တဲ့ ည
အဲဒီ ပေါ့စိမ့်တွေ အဲဒီ ၀ီစကီတွေ
အဲဒီ လမ်းဘေးထမင်းကြော်တွေ
အဲဒီ ညဥ့်ငှက်မလေးတွေ
နောက်ပြီးတော့ သူမ
ပြီးတော့ငါ
ငါတို့ စီးနင်းခဲ့တဲ့
ကာဘွန်ဒိုင်အောက်ဆိုဒ်မှာ
ပြိုပျက်ခါစ မြို့ပြ
တစ်ယောက်နဲ့ တစ်ယောက် အပြစ်ဖို့တဲ့
လူသားတွေ အဖြစ်နဲ့ငါတို့


ငါတို့ ရောက်နေတာက
လူနည်းစု အခွင့်အရေးနဲ့
လူမျိုးရေးပေါ် အခြေခံတဲ့
လူမှု လိင်မှု ငွေငွေ့
ဘ၀တွေအတွက် ချနင်းခံ ဘ၀တွေရဲ့
နယ်ပယ်သစ်
လွတ်လပ်စွာ ကြီးပြင်းခဲ့ရတဲ့ အတိုင်းအတာမှာ
ခုတ်မောင်းခံခဲ့ရတဲ့
ကာလအပိုင်းအခြားအလိုက်
ငါတို့ဟာ လွတ်လပ်နေတဲ့
သဘာဝ ပါဝန်းကျင် ထိန်းသိမ်းရေး ကျွန်တစ်စု
ဘိုးဘေးတွေရဲ့ အမွေတွေ
ပြီးတော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်
ကောက်ချက်ချ ကျွမ်းတဲ့
တစ်ဖက်ရပ် အင်တာနက်ခေတ်ကြီးမှာ
ဘ၀မဲ့ ယဉ်ကျေးမှုကို လွမ်းနေတဲ့
နည်းပညာ ကျောင်းသားလေး
သူ့ရဲ့ ပေါက်တီးပေါက်ရှာ တစ်ပတ်ရစ် ကွန်ပျူတာလေးနဲ့
တစ်ပတ်ရင် မိုဘိုင်းဖုန်းလေးနဲ့
တစ်ပတ်ရစ် ပိုက်ဆံအိတ်လေးဟာ
မြို့ပြကို တစ်ပတ်ရစ် အသုံးခံမှာလား
နည်းပညာနဲ့ အနုပညာဟာ မြို့ပြကို ပျိုမြစ်ခြင်းရှိစေလား?
ထိုင်နေရင်း ငါတို့ ရောက်နေတာက
အလုပ်အကိုင် ရှားပါးလာတဲ့ခေတ်
မိဘကို လုပ်ကျွေးဖို့
မိဘအိမ်မှာ မီးပွားရှာနေရ
အဲဒီအချိန်မှာဘဲ
ပင်လယ်ကွေ့မှာ ရေနံတွေ ဖိတ်ကုန်ကြတယ်
ရေနံတွေဟာ စစ်မက်ဖြစ်ပွားနေတယ်
ဒီတိုင်းပဲ
ကျောက်မျက်တွေရော မီးသဘောင်္တွေရော
ကျွန်းသစ်တွေရော လူ့အရင်းအမြစ်တွေရော
တိုးတက်လာတဲ့ ငါတို့ရဲ့ ခေတ်မှာ
စာနာစိတ်ဟာ အပြိုင်းအရိုင်း ဆုတ်ယုတ်လာ
ဒါဟာ


တရားတဲ့လား
စစ်တဲ့လား မေတ္တာတဲ့လား
ငါတို့ စိုက်နေတဲ့ သစ်ပင်ရဲ့
အကာအကွယ်မဲ့နေတဲ့
အိပ်မက်ကို ဖာထေး
နည်းပညာ အကူအညီနဲ့ ကဗျာရေးလိုက်
နည်းပညာ အကူအညီနဲ့ လူသတ်လိုက်
နည်းပညာ အကူအညီနဲ့ နည်းပညာထွင်လိုက်
နည်းပညာ အကူအညီနဲ့ ဆက်သွယ်ရေးနှုန်းမြှင့်တင်
နည်းပညာ အကူအညီနဲ့ တရားစွဲ
နည်းပညာ အကူအညီနဲ့ စီတန်းလှည့်လည်
နည်းပညာ အကူအညီနဲ့ လူထုခေါင်းဆောင်လုပ်ချင်
နည်းပညာ အကူအညီနဲ့ လူထုတရားခံ ဖြစ်
နည်းပညာ အကူအညီနဲ့ နေ
ပြီးတော့ သေ
ရှင်သန်မှု တလျှောက် တရားမျှတမှုအစား
နေပျော်မှုကို ရှာဖွေရ
လူသားပီပီ စာနာစိတ်ဟာ
ဝမ်းရေးကို တိုက်ခိုက်သတဲ့
ငါရှင်းလင်းနေတုန်း
မြို့ပြဟာ ပြိုပျက်လာပြန်
မြို့ပြရဲ့ ပန်းဦးကို ဘယ်သူခြွေသလဲ
မြို့ပြဟာ ကိုယ်ဝန်ဆောင်ပီး
မြို့ပြဟာပဲ သားဖျက်တော့တယ်
ဒီကမ္ဘာကြီးအပေါ် ချို့ယွင်းလာတဲ့ စေတနာ။


  • မောင်မြတ်သူ

"နှင်းတွေထဲမှာ တစ်ယောက်ထဲ အေးနေသလား ငယ်"


  • နှင်းတွေထဲမှာ တစ်ယောက်ထဲ အေးနေသလား ငယ်



မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ဒီနွေဦးပေါ့ အရူးလေးတစ်ယောက်နဲ့ အရူးမလေးတစ်ယောက်
မိုင်ပေါင်းခြောက်ရာကျော်မှာ ရူးနေကြတာ

တစ်ယောက်အကြောင်း တစ်ယောက်
လိုတာထက် ပိုမသိကြ
တစ်ယောက်လိုအပ်မှု တစ်ယောက်
လိုတာထက် ပိုမသိကြ
ဒီလိုနဲ့ မန္တလေးက နှင်း က မြောင်းမြအထိ ရိုက်ခက်
မီးလင်းဖို တစ်ခုထက် ယုံကြည်မှု တစ်ခုကို ရှာဖွေနေကြတယ်

မင်းအနားမှာ ငါမရှိသလို ငါအနားမှာလည်း မင်းမရှိဘူးပေါ့
မင်းအနားမှာ အေးစက်နေတဲ့ ဂြိုဟ်ဆိုးတွေရှိနေခဲ့တာ
ငါလည်း လိုတာထက်ပို မသိခဲ့ပေါ့
ဒီလိုနဲ့ ပြီးခဲ့တဲ့ ဆောင်းတွင်းက မင်းလိုတာထက်ပို အေးစက်နေသလား
မြောင်းမြက မီးဖိုလေး တစ်ခုက မန္တလေးကို မိုင်ချီကျော်ကာ နွေးစေခဲ့ရဲ့လား

အံသြစရာပေါ့
အဲဒီ သန်းပေါင်းများစွာသော ဖြစ်တန်စွမ်းတွေထဲမှာမှ
ငါတို့က အညွှန်းကိန်းလေး တစ်ခု
ငါ နဲ့ မင်းနဲ့ ဆက်သွယ်နေခဲ့တာမှာ
တံဆိပ်ခေါင်းလည်း မလိုသလို စာတိုက်လည်း မရှိခဲ့
တို့ နှစ်ယောက် မတော်တဆ ခလုတ်တိုက်ခဲ့တာဟာ
ဖုန်းလိုင်းတွေပေါ်မှာ ချက်ဘောက်တွေမှတဆင့် မြူထက်ပါးတဲ့ အလင်းရဲ့ အမြန်မျိုးနဲ့ပေါ့

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ကဗျာမှ တဆင့် ၊ ရိုးရှင်းမှုတစ်ခုက မိုင်တွေကို ရိုက်ချိုးခဲ့တာမှ တဆင့် ၊ ဒေသန္တရာအပြောင်းအလဲမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
မျက်မှန်ကိုင်းလေးမှ တဆင့် ၊ အသံဝဲ၀ဲလေးမှ တဆင့် ၊ သူမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ကြိုးစားနေတဲ့ ဖြူစင်မှုမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
စိုးရိမ်ပူပန်မှုတွေမှ တဆင့်၊ စားနေကျ သားရဲတွေ ရန်မှ ကာကွယ်လိုခြင်းမှ တဆင့်

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်
ဒီလိုနဲ့ နှစ်တွေ လတွေ ရက်တွေ ကြာနေအုံးမှာလား

မန္တလေးက လာတဲ့ နှင်းက မြောင်းမြမှာ တန့်သွားတယ်

ငါဟာ စက္ကန့်သံတွေကို စေခိုင်းနိုင်တဲ့ သမာဓိ မျိုးနဲ့
ဒီ ကဗျာ ကိုရေးမိပေါ့
နှစ်လိုခြင်း အပြည့်နဲ့ ဖတ်လိုက်ရင်
အရင်အချိန်တွေဟာ  မအေးစက်တော့ဘူးထင်ရဲ့
မိုင်ခြောက်ရာကျော်ဆိုတာ စေစားနိုင်ရင် ခဏပဲ
မန္တလေးက လာတဲ့ နှင်းဟာ မြောင်းမြမှာ တန့်သွားတယ် ။



  • မောင်မြတ်သူ

"တန်ရာ ကို တန်ကြေး နဲ့အချေ"


  • တန်ရာ ကို တန်ကြေးနဲ့ အချေ
ကမ်း က မမြင်တဲ့အခါ လမ်း က မမြင်တော့ဘူး

မ ချစ်ရင် ဥ ပါချစ် ဆိုတော့

မ ပစ်ရင် ဥ ပါပစ်

စိတ်ကြီးလွှတ်ချအပေး

ခွေးမသားလို့အဆဲ

အမေ ပြောတဲ့ခွေးက ပြေးခဲတာပဲ။

မင်းခိုင်မြဲ

Saturday 2 February 2013

"ကမ္ဘာကြီးထဲမှာ ၂၃ ၁/၂ ရပ်ရင်း ငါက သွားကြားထိုး"

  • ကမ္ဘာကြီးထဲမှာ ၂၃ ၁/၂ ရပ်ရင်း ငါက သွားကြားထိုး


"လက်ရှောင်.. ပေါက်ကောင်ဖွင့်မယ်" ပြောရင်း ငါက သွားကြားထိုး

မိတ္တူဖိုးတွေ ပိုပိုတင်မိရင်း ငါက သွားကြားထိုး

စာရွက်စာတမ်းကြေးတွေ တစ်ပုံကြီး ငါက သွားကြားထိုး

ကော်လာကတုံးကြီး ၀တ်လျက် ငါက သွားကြားထိုး

ကြွေးတွေဆပ်ရအုံးမယ် တွေးရင်း ငါက သွားကြားထိုး

ဒီတစ်ခွက် ပြီးရင်တော်ပြီကွာ ပြောရင်း ငါက သွားကြားထိုး

နွမ်းကြေနေ အအ၀တ်အစားနဲ့ ကောင်မလေးကပြော "သမီးဗိုက်ဆာလို့ပါ ဦး" ငါက သွားကြားထိုး

ကူညီပါ အဘရယ်တဲ့ စာအိတ်ကလေးနဲ့လာပြီးပေး ငါက သွားကြားထိုး

ဝင်ငွေရယ် ထွက်ငွေရယ် အကြိမ်ကြိမ်စစ် ဒီလအတွက် အသုံးစရိတ်တွက် ငါက သွားကြားထိုး

ကြည့်နေရင်းထွက်လာ ဂျေလိုရဲ့အာမခံတန်ဖိုး မျက်လုံးထဲဝင်းဝင်း "တောက်" ငါက သွားကြားထိုး

လူဆိုတာ ကိုယ့်အကြောင်းကိုယ်ပဲ သိတယ် ဆိုပဲ *ဂျေမီ ငါက သွားကြားထိုး

သွားကြားမှာ ကပ်နေတဲ့ အစာဟောင်းတွေ သန့်စင်ဖို့ ငါက သွားကြားထိုး

စိမ်းညှို့နေတဲ့ သစ်တောအုပ်ကြီးတွေလေ အဲဒါတွေ အားလုံးအတွက်လို့ သူကပြော ငါက သွားကြားထိုး

တောက်လျှောက်ပဲ တောက်လျှောက် မရမမချင်း တစ်ချက်လေးတောင် မနားပဲသူလုပ် ငါက သွားကြားထိုး

ကိုရီးယားကားများအတွက် ရုပ်သံကိုကျေးဇူးတင်ကာ ငါက သွားကြားထိုး

"ဟဲလို.. ကိုလားဟင် .. ဆုံကြမယ်လေ "တဲ့  ငါက သွားကြားထိုး

" သမီး အိမ်ဖေါ်ပဲ လုပ်ချင်တယ် " အဲဒီ  ကောင်မလေး ပြောရင်းငို ငါက သွားကြားထိုး

သိတဲ့ အတိုင်းပဲ ကုန်ဈေးနှုန်းက ကြီးတော့ မနည်းမှီအောင် လိုက်နေရတယ် သူကပြော  ငါက သွားကြားထိုး

သွားကြားဘာလို့ထိုးလဲ ? ထိုးလို့ရလို့ထိုးတယ် . အဟက် ငါက သွားကြားထိုး

နို့ နေစမ်းပါဦး ငါ ငါ နဲ့ ပြောနေတာ ငါဆိုတာ ခင်ဗျား ငါက သွားကြားထိုး။



  • မောင်မြတ်သူ

"စိတ်အခြေအနေပြဇယား/သူ့အကြောင်း"


အခန်းထဲမြည်သံပေးပြီး ထွက်လာတဲ့အရာက
မင်းအားကုန်ပြေးကန်လိုက်တဲ့ ဘောလုံးလို
သူ့အကြောင်းဟာ မှန်ပြတင်းကို ၀င်မှန်ပြီး
သူ့လျှာပေါ်ကျကွဲသွားတယ်။
အခုသူ့အကြောင်း အခန်းတံခါးကိုစောင့်ဖွင့်ပြီး
ဝရံတာက ထိုးပျံသွားတယ်
အခုသူ့အကြောင်း ကွာလာလန်ပူမြို့က
KLCC TOWER ပေါ်တက်နေပြီ
အခုသူဟာ မင်းရှေ့မှာလှလှကြီး လွှင့်မြောနေတယ်မို့လား
ညနက်နက်ထဲ မင်းရှေ့မှာတင် ပျော်ဝင်သွားပြီမို့လား
အခုသူ့အကြောင်း
မင်းမကောင်းဘူးဆိုတာ သတင်းလို အတင်းလို့
အတင်းလွှင့် သတင်းလွှင့်နေတယ်။
ဆယ်တန်းဂုဏ်ထူးသုံးဘာသာနဲ့ အောင်တယ်လို့ ညာတဲ့သူ့အကြောင်း
ရွာထိပ်က သောက်ရေကန်လို လူ့အကျိုးပြုတော့မယ်ဆိုတဲ့ သူ့အကြောင်း
သစ်သစ်လွင်လွင် သစ်ပင်ထပေါက်နိုင်တဲ့ သူ့အကြောင်း
အရမ်းပိန်သွားတယ် ညအိပ်မပျော်ရင် VITAHOMEသောက်ဆိုတဲ့
မင်းအမှာတော်ပါးသံကို သူမေ့နေတယ်
မင်းဆွယ်တာကောင်းကောင်း ထိုးတတ်တဲ့အကြောင်းကို သူမစဉ်းစားမိတော့ဘူးတဲ့
ရုပ်ရှင်ကြည့်တာနှစ်သက်ပြီး ယနေ့အထိ ရုပ်ရှင်ရုံမရောက်ဖူးတဲ့မင်းကိုလှောင်ပြောင်နေတယ်။
အခုသူ ကီလီမန်ဂျာရိုကတဲ့ ဇာတ်သဘင်ပွဲကို ပိုက်ဆံမပေးရတဲ့ရုံပေါက်က
မင်းကို စောင့်ကန်သွင်းသွားတယ်
သူဟာ စားပွဲခုံမှာ မင်းကိုထိုင်ခိုင်းပြီး ထထွက်သွားရင် အတော့် အတော်ကြာမှ
ပြန်ရောက်လာတယ်မို့လား
အခုသူ "လှလှကြီး" ကဗျာစာအုပ်ကို ဖတ်နေတယ်
အခု သူ အနှစ်သက်ဆုံးကလွင့်နေခြင်းပဲ
အခု သူ စက်ဘီးလေးစီးပြီး ထွက်သွားလိုက်တာ
မြောင်းမြသားသောက်ရူးတစ်ကောင်နဲ့သောက်ဖောင်းသွားထုတာဖြစ်မယ်
အခုသူ့အကြောင်းကို သူလစ်တာနဲ့ သူမကောင်းဘူးဆိုတာ
မင်းကောင်မလေးကိုပြောပြလိုက် လုပ်မယ်ဆိုရင် လုပ်ရမှဆိုတဲ့ သူ့အကြောင်း
သူကောင်းကောင်းသိတယ်
လွယ်အိတ်ကို ပခုံးမှာသိုင်းလွယ် ဘွဲ့ရပြီးသားစတိုင်နဲ့သူ့အကြောင်းကို
ယစ်ပလ္လင်ပေါ်ခေါင်းထိုးတင်ပြီး ဓါးနဲ့ခုတ်လဲ
ပုလ္လင်နဲ့ဓါးမှာ သူ့မနက်ဖြန်ဟာ ရမ္မက်ထန်ပြီး စွဲကျန်တယ်။           ။


PS-ဆရာမောင်ဖီလာရဲ့ "ငါ့အကြောင်း"ကဗျာကို  ဖောက်စား ပါတယ်။

"ကော်လံမပါတဲ့ဦးခေါင်းပေါ်ကလက်ဖျံ"

ကျွန်တော် မထွက်လို့မဖြစ်တော့ဘူး ကျွန်တော်မထွက်လို့တကယ်ကိုမဖြစ်တော့ဘူး
လမင်းကိုပုရွက်ဆိတ်ကိုက်တဲ့နေ့က ထွားထွားကြိုင်းကြိုင်းကြီးကို ပိန်လို့လှလို့ဝလို့
ဘယ်သူလဲ ဘယ်သူလဲ လန့်နိုးခဲ့တဲ့အိပ်မက်တွေထဲ ရေပ်ါလမ်းလျှောက်တာလား
လေပေါ်ဝမ်းမှောက်တာလား သင်ခဲ့တဲ့သင်ခန်းစာထဲမှာ Punkသီချင်းတစ်ပုဒ်ထိုင်ငို
ဆေးရုံခုတင်ပေါ်က ဆရာဝန်ကိုဗေဒင်မေးရအုန်းမယ်

ကောင်းသောညပါ

လာရောက်ထိနမ်းစုပ်မြိုမှုကိုခံလိုက်ရတဲ့
ခေါင်းလောင်းသံတွေသူ့ရင်မှာ    ပဲ့တင်ထပ်နေခဲ့တယ်
အလည်အပတ်ရောက်လာတဲ့အိမ်ရှင်တွေအတွက်
လက်သီးလှလှတစ်ခွက်ဖျော်တိုက်လိုက်ပါ....

သူ့စတိုင်ဖမ်းထားတဲ့ဟိုကောင့်မျက်ခွက်ကြီးကို
ရှောက်သီးသုတ်နဲ့
လက်သုတ်ပုဝါနဲ့
ခရိုနီ နဲ့
မိုနိုပိုလီနဲ့(အမဲသားပဲကျွေးလိုက်ပါ)
အစတုန်း(တုံး/ဒုန်း)ကတော့ဟိုအရင်ကတော့
ရှိသည် ဖြစ်သည် ဖြစ်ကြသည်
ဖြစ်ခဲ့ကြသည် ထို့ကြောင့် ထိုသို့လုပ်လိုက်သည်ဆိုတာ ခွေးစကားပြော
တဲ့
တောက်တဲ့ ပဲ...
ကိန်းဂဏန်းတွေပွရောင်းရောင်း
 လေရဲ့ အထီးကျန်မှုနဲ့ ဖုန်မှုန့်တွေစွန်းပေကပ်ငြိနေတဲ့
စရိုက် ငမိုက်ဟောင်းများကို သဲသောင်ပြင်ပေါ်ပြန်ချထားခဲ့....
မြင်နေ ထိတွေ့နေသမျှအရာအားလုံး
ပိုမိုနက်ရှိုင်းစွာ ကျွန်တော့် ၀မ်းဗိုက်ထဲတိုးဝင်လို့
သေးငယ်ပြီး ဖမ်းယူလို့မရနိုင် ...

စာရွက်လွတ်ပေါ်မှာတော့ အရှိန်သေအောင်သတ်ထားတဲ့ မုန်တိုင်းတစ်ခု ။  ။

                                                   ဒီလူ(တောင်တွင်းကြီး)

"ထွက်ပေါက်၊၀င်္ကပါ၊မှန်ထဲကခွဲစိတ်ခန်း"

လွပ်လပ်စွာရောင်းဝယ်ဖောက်ကားဒါအဖြေပဲ

ဘာဘီကျူးတစ်ချောင်းလိုကြည့်နေရုံနဲ့

ရှင့်နှုတ်ခမ်း၊ကျွံစရာသဒ္ဒါမရှိ၊ညှီတိုင်းလိုက်ပြီး

တချိန်ကချစ်ခဲ့ကြဖူးသည်ပေါ့။

အဲ့နေရာကိုပြန်သွားပြီးအဲ့ပေါ်ကခုန်ချချင်တယ်

လူကြီးမင်းမအားလို့နေခဲ့၊ဒါမှမဟုတ်အကြောင်းအကျိုး

ဗျောက်သံတွေကလည်းဗျောက်သောက်

ရောက်ခဲ့ဖူးပြီလို့ ဘယ်လိုပြန်ပြောမှာလဲ။

သွေးသည်အရောင်အနံအရသာရှိသည်

သေတ္တာတစ်လုံးထဲမှာရှင်ဘယ်လောက်ကြာကြာနေဖူးလို့လဲ

အေဘယ်ကကိန်းကိုမုန်းတာအကြောင်းရှိတယ်

တဖျတ်ဖျတ်၊တလွင့်လွင့်၊တနေကုန်။

အတ္တဟာအတ္တအကြောင်းပဲပြောချင်မကုန်

ကျမခေါင်းညိမ့်တာအသံတိတ်ညင်းဆန်မှု့

ဘတ်စ်ကားမှာအနက်ရောင်တောင်တွေရှိတယ်

ပြီးတော့တံတားပေါ်ကနေရေတံခွန်လိုထိုးဆင်းသွားတာပဲ။

သူလိုကိုယ်မဟုတ်တဲ့အချိန်တွေကို

နာနာကျင်ကျင်အော်ညည်းနေရတဲ့ငရဲခန်းထဲ

ရေဆိုးမြောင်းနဲ့ကြွက်တွေလက်ချင်းချိတ်ကကြ

ကျေးဇူးပြုပြီး မကိုက်ပါနဲ့ရှင်………….။

ပင့်ကူမျှင်တွေပါးစပ်ထဲမှာထွေးထွေးလုံးလုံးထွေးထွေး

ကြာပွတ်သံတွေမပြီးမချင်း

ဆိုနေတဲ့သီချင်း။



*တယ်ရီ

20.1.2013

0100pm

"ကောက်ကြောင်း"


မနက်ဖြန်ရဲ့ အာရုံဦးကိုဖွာရှိုက်မိတိုင်း

စကားလုံးကြမ်းကြမ်းတွေက ဘော့လ်ပင်နဲ့စာရွက်နဲ့

သေချာခဲ့ပါတယ်..

သုံမှုန်နေတဲ့ မြစ်တစ်စင်းဟာ နှုတ်ခမ်းတင်းတင်းစေ့လို့

ရပ်နေကြမှတ်တိုင်မှာ ဆင်းတယ် ။

ဟော...

သောက်လက်စဆေးပြင်းလိပ်က နှုတ်ခမ်းကခုန်ထွက်သွားပြီ

ကဗျာတစ်အုပ်စာအလွမ်းက ခြေချိတ်မထိုင်ပဲ ငွေ့အသက်အချို့ကို အစားမှားတယ်

အလွတ်ကြီးကျလာတဲ့ နံရံဟာ ကိုယ်ခေါင်းတိုက်မိလို့ရယ်သံပေးတယ် "ထင်ပါ့"

ကန်ချက်ပြင်းပြင်းနဲ့ထိုးကလော်လိုက်တဲ့ ကိုင်းဖျားမှာ

ကိုယ်ဟာအလေအလွင့်သိပ်များတဲ့ လေယူလေသိမ်းကိုမှ ငါးမျှားချင်တဲ့ကောင်

အားမနားပါးမနာနဲ့ "အားနာလိုက်တာတဲ့ "

ချိန်သားကိုက်မထားတဲ့ အလင်းဖျော့ကြိုးက

ဒေါင်လိုက် ထောက်ခနဲပျက်ကျသွားတယ်

အင်းစိန်လမ်းမကြီးကတော့ ထင်းနေအောင်လင်းနေတာပဲ။

မတော်တရော် အလေးချိန်ကိုထမ်းလို့ ရှုမိတဲ့လေပါ

မတော်မတရားပင်ပန်းသွားတယ်

ပြစ်တင်သွားတဲ့ ပုဒ်မဟာ မတူညီနိုင်တဲ့သဘော

အရမ်းကရောလွင့်လာတဲ့ ဓါးအကျိုးတစ်ချောင်း

တင်းနေရာကပြတ်ထွက်လာတဲ့ သံကြိုးတစ်စ

ရင်ဘတ်ထဲဆောင့်ကြောင့်ဝင်ပေါက်ကွဲတဲ့ မီးတောင်တစ်လုံး

သူလိုကိုယ်လို မဟုတ်တဲ့ စိတ္တဇဟာ  နေလိုလလိုထွန်းလင်းတယ်။                  ။

                                                                                             မင်းခိုင်မြဲ

"မွေးနေ့"


  • မွေးနေ့

အမေ မွေးရုံနဲ့ လူဖြစ်မလာဘူး  လူဖြစ်ချင်ရုံ သက်သက်နဲ့လည်း လူဖြစ်မလာဘူး
သွေးသားတွေ ပြည့်စုံရုံနဲ့ အကောင်ကြီးပြီး မဲထည့်ခွင့်ရရုံနဲ့ လူဖြစ်မလာဘူး
Facebook သုံးပြီး ရဲရဲတောက် အော်နေရုံနဲ့ တင်လူဖြစ်မလာသလို
အရပ်ထဲမှာ ဆေးမှင်ကြောင်တကားကားနဲ့ ရမ်းကားရုံနဲ့လည်း လူဖြစ်မလာဘူး
အကာအကွယ်သုံးရင် လူဖြစ်မလာသလို အရာရာအကွယ်ခံနေရရင် လူဖြစ်မလာဘူး
ယုံကြည်ရုံသက်သက်နဲ့ လူဖြစ်မလာသလို ပုံစံခွက်ထဲမှာ ဖိလောင်းခံရရင်လည်း လူဖြစ်မလာဘူး
အကျီင်္ဖြူ ကြီးဝတ် ပင်နီကြီးဝတ် ဆေးပြင်းလိပ်သောက် ဒီမိုကရေစီအော်နေရုံသက်သက်နဲ့ လူဖြစ်မလာသလို
ခူးပီးသား ခပ်ပီးသား မစားရလို့ သွားရေကျနေရင်လည်း လူဖြစ်မလာဘူး
မနေ့က လူဖြစ်လာတဲ့ကောင်က ဒီနေ့ လူမဟုတ်တော့သလို
လူတလုံး သူတလုံး လူလူသူသူ ဆက်ဆံနေရရုံသက်သက်ကလည်း လူဖြစ်မလာဘူး
မင်္ဂလာပါ ဘဘ ဘာညာ အော်နေရသဖြင့် လူဖြစ်မလာခဲ့သလို
ဟယ်လို ကို အကျယ်ကြီးအော်နေရသ၍ လူမဖြစ်သေးဘူး
မီတာ ပုံမှန်ဆောင်နေရုံသက်သက်နဲ့ လူမဖြစ်သလို ဘာကြောင့်ပျက်သလဲလို့
့မေးရင် လာမှာပေါ့ကွာဆိုတာကြောင့် လူမဖြစ်သေးဘူး
ဆန္ဒဖေါ်ထုတ်ခွင့်ဆိုတာ အိပ်ရာထဲမှာ အိမ်သာထဲမှာ ရှိနေရုံနဲ့ လူမဖြစ်သေးသလို
အခွင့်ထူးမခံဆိုလည်း လူမဖြစ်သေးဘူး အခွင့်ထူးခံနေရရင်လည်း လူမဖြစ်သေးဘူး
မီးနီမှာ မီးနီတာထက်ဆိုးတဲ့သူတွေ ဖျက်စီးနေသ၍ အထူးတန်းဆိုတာကလည်း လူမဖြစ်သေးတဲ့သဘော
မျှော်လင့်ချက် လေးထားပါ ဆိုတာနဲ့ လူဖြစ်မလာသလို အကောင်းမြင်နေတတ်ရုံနဲ့ လူမဖြစ်သေးဘူး
ငါနဲ့မတူ ငါ့ရန်သူ ဆိုတာက လူမဖြစ်သေးတာကို ပြသလို ငါ့ရန်သူရဲ့ ရန်သူက ငါ့မိတ်ဆွေ ဆိုတာနဲ့ လူမဖြစ်သေးဘူး
ငါက မြင့်မြတ်တယ်လို့ ဆိုနေတာနဲ့ လူမဖြစ်သလို ငါပြုတ်ရုံသက်သက်ကလည်း လူမဖြစ်သေးဘူး
လူမဖြစ်သေးတာကို ဒေါသထွက်လို့မရသလို လူမဖြစ်သေးတာကို ကျေနပ်ရုံသက်သက်က အဆင်မပြေသေးဘူး
လူဆိုတာ ဘာလဲ ဆိုတဲ့ မေးခွန်းကို လူဆိုတဲ့ လူတွေ မဖြေနိုင်ကြသေးဘူး
မိဘတွေ များနေသ၍ လူမဖြစ်လာသလို မိဘလို့ သဘောထားနေတဲ့ မီးပွားတွေ များနေသ၍ လူမဖြစ်သေးဘူး
အမျိုး ၊ ဘာသာ ၊ သာသနာကို စောင့်ရှောက်နေရုံနဲ့ လူမဖြစ်လာသလို
အမျိုး ၊ ဘာသာ ၊ သာသနာကို မစောင့်ရှောက်ပဲနေရင်လည်း လူမဖြစ်ပြန်ဘူး
မဆိုင်ပါဘူးကွာ ဒိုးဒိုး အဲဒါ လူဖြစ်မလာသလို ၊ အဟဲဟဲ ဝေလေလေက လည်း လူမဖြစ်သေးဘူး
ညီမလေးကိုပဲ ချစ်နေရုံနဲ့ လူမဖြစ်လာသလို ညီမလေးက ချစ်နေရုံနဲ့လည်း လူမဖြစ်သေးဘူး
လူဆိုတာက သားဖွားခန်းက စသလား အရပ်လက်သည်က စသလား
အချင်းကြိုးကိုက်ဖြတ်တာက စသလား အာဒံ-ဧ၀က စသလား
ဗြဟ္မာကြီး လေးယောက်က စသလား မျောက်ကနေ ပြောင်းလာသလား
လူဆိုရင် အမေးအမြန်းထူသတဲ့ လူတွေက ပြောနေကြ
လူဆိုတာနဲ့ လူဖြစ်ပီလား လူမဖြစ်သေးဘူး ဆိုပါစို့
လူနာမည်တပ်ခံရပီး လူလို မဆက်ဆံခံရသ၍ လူဖြစ်မလာဘူး
မွေးနေ့ ဆိုတာက လူဖြစ်တဲ့ အထိန်းအမှတ်တဲ့လား
အမေ ချွေးတလိမ်းလိမ်းကျပီး အော်ဟစ် ညှစ်ထုတ်နေရတုန်းက Happy Birthday မအော်လိုက်ရ
အဲဒီတော့ လူမဖြစ်သေးဘူး



  • မောင်မြတ်သူ

"မှန်ထဲကတိမ်ကို စားသုံးခြင်း"


တောင်ကိုထမ်းပြီး ဓါးသွားပေါ်လမ်းလျှောက်ဖို့

စိတ်တစ်ခုပဲ လိုတယ်

လျှာပေါ်တင်မိလိုက်တဲ့ ရနံ့က

ဘာလို့ဒီလောက် အရသာရှိသွားတာလဲ တွေးလို့ကိုမရဘူး

သမိုင်းထဲဖျော်ထည့်မိလိုက်တဲ့ လက်ကျန်ဟာ

အရှိန်လွန်မောင်းမိတဲ့ လိုင်းကား

ရေချိန်အမှန်ကိုကျော်လွန်သွားတဲ့ ယစ်ထုပ်တစ်ယောက်

မော်ဒန်ပန်းချီကားနဲ့ တိမ်လိုလူပဲ။

ရောင်းရမ်းနေတဲ့ မေတ္တာတရားမှာ

ပြိုကျလာတဲ့မိုးက လက်ခုပ်ထဲမှာအိုင်လို့

အဲ့ဒီနေ့စွဲထဲ အလွမ်းကိုသရော်ပြီး

မီးမြိုက်ထည့်လိုက်တယ်

ရေစီးကြောင်းထဲမျောသွားတဲ့ တိမ်မှာထင်ရာကိုတံဆိပ်ကပ်ပြီး

လက်ခုပ်သံဟာ  လန့်ဖျန့်ပြီးထပျံတယ်

ချောင်းထဲရေကူးနေတဲ့ငှက်ကို မိုးပေါ်ပျံနေတဲ့ငါးကထိုးသုတ်တဲ့အချိန်

ဝေါဟာရတစ်ခုနဲ့လင်လိုမယားလိုရန်ဖြစ်ပြီပဲ။

                                                        မင်းခိုင်မြဲ
                                                                 

အေ(ရ / ယ)ာ င်


လတ်တလောBreaking News က *ခေတ်* မှောက်နေတဲ့သူ့ အကြောင်း၊ထိုင်ခုံကိုနောက်မဆုတ်ပဲ
စားပွဲ*ကိုရှေ့ရောက်အောင်* ဆောင့်*တွန်းထုတ်လိုက်တယ်*/မဟုတ်ဘူးခင်ဗျ….မဟုတ်ဘူးခင်ဗျ
*ဂူနံရံက*ဆေးကြမ်းကခင်ဗျားgraffitiလောက်မလန်းဘူးပြောတာမဟုတ်ဘူးခင်ဗျ…/စိတ်ဆိုးမာန်ဆိုးနဲ့
*နေ*မင်းကို *touch* နဲ့ဆွဲပြီးလွှင့်ပလိုက်/ကျောက်ဖိနပ်စီးထားသည်ကြောင့်ပဲ*ဖန်သား*လွင်*ပြင်တွေ*
ကအကြောက်အကန်/*အထိ*အတွေ့ထဲ*ယဉ်ကျေးမှု့ဟာ*ခေါင်းကိုဖြေးညှင်းစွာခါရမ်းလိုက်သည်/
သူမရနံကြားရတာနဲ့ကျစ်လစ်မှု့ဟာ*အစိမ်းသေ*သေတော့တာပဲ/တစ်စက္ကန့်သုံးဖွာခွဲနှုန်းနဲ့*စိတ်လွတ်ကိုလွတ်သာ*
တည်ငြိမ်ကြည့်စမ်း/မမိုက်ချင်လည်း*နေပေါ့*ဒါကြောင့်နင့်ပုံပြင်ကိုဘယ်သူမှမ၀ယ်တာ(မိန်းကလေးသံ)
*suicideလုပ်*နည်းကျမ်းကငှား*သွားတဲ့*သူတွေဘယ်တော့မှပြန်လာမအပ်ဘူးဟာသ/*နမိတ်*တွေ*ပုံ*ထားတဲ့
ဗလာစာရွက်*တွေ ယိုရွဲ/ဆွေးယိ/စုတ်ပြဲလို့ /**အနာအဖျားစိတ်*ဟာနောက်တစ်ပတ်စာတိတိကျန်သေးတယ်/
ကျွန်တော်*လာရင်*အပြင်သွားတယ်ပြောခိုင်းထားလည်းပြန်ရုံပေါ့/ဒါထုံးစံ ဘောပင်ခဏငှားပါ/*ရှုဆေး*ခဏငှားပါ/
ကော်ဖီခဏငှားပါ/ပိုက်ဆံခဏငှားပါ/မနက်ဖြန်ခဏငှားပါ/ဒါ*နဲ့တင်*အသံက*သွေးမတိတ်တော့ဘူး*/
အဖွားဆုံးဖူးတယ်/အသည်းကွဲဘူးတယ်/*စိတ်နဲ့ပဲဝယ်လို့ ရတဲ့အရာ*ကိုပိုက်ဆံနဲ့ရောင်းရတော့မှအခုထိငိုတာ
မတိတ်သေးဘူး/ရေဒါထဲမှာတက်နင်းမိတဲ့ကြွက်တွေ*ဓါတ်ဖန်လုံးထဲ*၀င်သွားတယ်/မပူပါနဲ့…*နောက်နေ့တွေ*
အကြောင်းမနက်ဖြန်ရောက်ရင်ပြောပြမယ်/2010 မှာအကြောက်ခဲ့ဆုံးစကားကသူမ*ပါမလာခဲ့ရင်*/
အသစ်အဆန်းတွေသိပ်မသုံးနဲ့ဝေါဟာရတွေမျိုးသုဉ်းသွားရင်*ဘယ်လိုလုပ်မလဲ*
*အနက်ရောင်*၏ချောင်းမြောင်းခြင်းကိုခံရသူမှာသူဖြစ်သည်/ကြေမွသွားသော/အနှေးပြကွက်/အဖြူအမဲ/
*ဖန်ချောင်း*/သူမ/မီးတောက်ထဲပုန်းအောင်းနေတဲ့*အမှောင်ကို*ပွတ်သတ်မိတာပါ/ကျွန်တော်လား….
*သဲသဲကွဲကွဲ*ဘယ်မြင်ရမလဲ….ခင်ဗျားမျက်ကြည်လွှာပေါ်မှာရပ်နေတယ်။



                                                                                                                         တယ်ရီ
                                                                                                                     13.10.2012
                                                                                                                          စနေ
                                                                                                                        1230pm

"စောင့်။နေပါလေ အေးဆေးပေါ့"


  • စောင့်။နေပါလေ အေးဆေးပေါ့


Write a Note ကို ကလစ်လိုက်တာ သုံးဆယ့် ငါးမိနစ် တိတိ
စောင့်
နေပါလေ အေးဆေးပေါ့
ကိုယ်တွေဆီမှာက မီးပျက်လည်း ပျော် လာလည်း ပျော်
ဆင်းရဲ မွဲတေမှု ပပျောက်ရေး
စောင့်
ကြည့်ပါလေ အေးဆေးပေါ့
တဖြည်းဖြည်း ဖြစ်လာမှာပါတဲ့
ကိုယ်တွေဆီက လေလည် လည်းပျော် နေလည်းပျော် သေလည်းပျော်
အပျော် အပါး မက်တာက မက်တာပေါ့
ပျော်ပွဲရွှင်ပွဲ ကြားထဲမှာ ပျော်ဆဲ ရွှင်ဆဲ
နေပါလေ အေးဆေးပေါ့
ကိစ္စကို ထိပ် ၀ ကနေ စ
Loading ... Loading .. သုံးဆယ့် ငါးမိနစ် တိတိ
အနိစ္စ ဒုက္ခ အနတ္တ တရားသုံးပါးဟာ
အင်တာနက် စဖွင့်တည်းက ပေါ်တယ်
လိုင်းကောင်းခြင်း အမြဲ မရှိ
ဒေါင်းလော့ လုပ်ရင် ဆင်းရဲခြင်း
ဘယ်အချိန် ဟက် မလဲ အစိုးမရခြင်း
မခံ နိုင်လဲ မှိန်းနေ ရုံပေါ့
ဘာများ တတ်နိုင်မလဲ
စောင့်။

နေပါလေ အေးဆေးပေါ့
အေးအေးဆေးဆေးနဲ့ မိုးအေးအေး ကျစိမ့် တစ်ခွက် သောက်ဖို့
စောင့်
ရပါတယ်ဗျာ အကြာကြီးပဲ
ဘာပဲ စောင့်စောင့် အကြာကြီးပဲ။
လမ်းတွေ အသစ် ဖြစ်ဖို့ ခုတင် ၂၀၀ ဆန့် ဆေးရုံကြီး ဖြစ်ဖို့ စသည်ဖြင့်တွေ
ဘာပဲ စောင့်စောင့် အကြာကြီးပဲ။
ဘာများ တတ်နိုင်မလဲ
စောင့်
ကြည့်ပါလေ အေးဆေးပေါ့
သူတို့လည်း လက်ဆယ်ချောင်း ခြေဆယ်ချောင်း ခေါင်းနှစ်လုံးနဲ့
မွေးရာပါ ထူးချွန်သူ (ငထူး)တွေမှ မဟုတ်တာ
သူလို ကိုယ်လို လူတွေပဲ
နှာစေး ခေါင်းကိုက်ဖြစ်မယ်
နာချင်နာမယ် ဖျားချင်ဖျားမယ်
အားချင် အားမယ် မအားချင် မအားဘူး
စောင့် နေပါလေ အေးဆေးပေါ့။
စိတ်ရှည် သီးခံ လမ်းကြောင်းမှန် ကျင့်ရန် ပြည်သူ့ဝတ်
ဆိုသလိုမျိုး
စောင့်
ကြပါလေ အေဆေးပေါ့။
အင်တာနက်connection တွေ ကောင်းလာဖို့
အမြန် လမ်းမကြီး တွေ များများ ပေါ်ထွက်လာဖို့
ပွင့်လင်း လာဖို့
မြင်သာ* လာဖို့
ပွင့်လင်း မြင်သာ ဖို့
ဆင်းရဲ မွဲတေမှု ပပျောက်ဖို့
ကလေး လုပ်သားတွေ ပပျောက်ဖို့
တောတွေ ရှိပြီး တောင်တွေ မပျက်ဖို့
လူထုနဲ့ကဗျာနဲ့ လူထု ဗျာ ဖို့
စောင့် နေပါလေ အေးဆေးပေါ့
စိတ်ရှည် သီးခံ လမ်းကြောင်းမှန် ကျင့်ရန် ပြည်သူ့ဝတ်
ဆိုတာ ရှိတယ်လေ အေးဆေးပေါ့။

မဟာ ရန်ကုန် ရွှေမြို့တော် နိုင်ငံ နိုင်ငံတော် နိုင်ငံသား
ကလေး လူကြီး လိင်တူဆက်ဆံသူ ဆရာ ဒေါက်တာ
လိင်အလုပ်သမ လိင်လုပ်သား ဈေးရောင်း ပြည်သူ့ဝန်ထမ်း
နိုင်ငံ ၀န်ထမ်း ပြည်ပရောက် ပြည်တွင်းနေ အကြမ်းဖက်သမား
နိုင်ငံရေးသမား သမားတော် လူနာ  ကျောင်းသား
ကျောင်းသား လက်နက်ကိုင် တပ်မတော်
တိုင်းရင်းသားများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ
ရိုဟင်ဂျာ ဘင်္ဂါလီ  ဂန်ဘား မဟာ
နေပြည်တော် ပုသိမ် ကျောင်းကုန်း ဒါးက
ဘလာ ဘလာ ဘလာ ဘလာ
တိုက်တေနီယမ် သတ္တူကိုင်းတွေနဲ့ အသစ်ပြုလုပ်ထားသော
သတင်းနှင့်နည်းပညာသုံး အထူးသတင်းဌာန ရဲ့ ကျင့်ဝတ်ကျင့်ထုံး
နှင့်အညီ ထုတ်ပြန်ကြေညာသော ရဲရဲတောက် သွေးရဲရဲသတင်းဖြစ်စဉ်
အစုံအလင် သေချာ
သိရဖို့
စောင့်
နေပါလေ အေးဆေးပေါ့
ဖြည်းဖြည်းမှ ပြောင်းလို့ရမယ်
အခုသတ် အခုတတ်
ရော် ခက်တာပါပဲ။


  • မောင်မြတ်သူ
* မြင်သာ= ကချင်ပြည်နယ် ဆင်ဘိုမြို့နယ်အပိုင် မြင်သာကျေးရွာ

♥*´`*•.¸♥...♥ စိတ်ကစဥ့်ကလျား ရောဂါ ♥*´`*•.¸♥...♥

အိပ်မက် မက်ချင်မှတော့ အိပ်ပျော်အောင်အိပ်လို့ဘယ်ဖြစ်မလဲ ..
စင်ပေါ်က ခလောက် နဲ့ ပလ္လင်ပေါ်ကမျောက်
သူ့ဇယား နဲ့ သူပဲ ။

မဖား နဲ့ ပုံမှန်ပဲဆက်ဆံ
မနက်ဖြန် ဆက်ရန်ရှိမရှိကို
ရေဒီယိုကလဲမကြော်ငြာဘူး
သတင်းစာထဲလဲ ပါမှာမဟုတ်ဘူး ။

ကျွန်တော်ဟာ ရှစ်မျဉ်းစောင်း ( ၈/ )တံဆိပ်ရိုက်နှိပ်ခံထိတဲ့
မြန်မာပြည်သား ...။

ခင်ဗျားတို့လိုပဲ ဒီမိုကရေစီ ဆိုတာကြီးကို
ကြားဖူး ယုံ ဖတ်ဖူး ယုံ ...
ဗွီဒီယိုကြည့်ရင်လဲ နိုင်ငံရေးဦးတည်ချက်ကို
ကျော်ကြည့် ပုံ အားလုံးအတူတူပဲ ။

ခင်ဗျား အသက်ရူနှုန်းကို အကောင်းဆုံးမြှင့်တင်ပါ
သူလိုငါလိုစိတ်ကစားပါ...။

ခင်ဗျားကော ကျွန်တော်ကော
အရေးအကြောင်းဆို ကို့ကိုယ်ကိုချစ်တဲ့ စိတ်တွေ
အိပ်မက်တွေ လာပေးရင် အိပ်မက်မက်ချင်တဲ့စိတ်တွေ
ရှိတာ သေချာတယ် ...။

ကိုယ့်ထမင်းကိုစားပြီး ၀ါးလုံးခေါင်းထဲမှာ
လ သာဖူးတယ်
ရည်းစား တစ်ယောက် နှစ်ယောက်ထားဖူးတယ်
အတွေးတွေနဲ့ အိပ်ရေးပျက်ဖူးတယ်
ငါ့ကိုငါမှ ငါထင်ဖူးတယ် ။

ဘုမသိ ဘမသိ နဲ့
ဝ မရှိ ၀ိမဖြစ်ဆိုတဲ့စကား
ခင်ဗျား လက်ခံလား ?

မနက်ဖြန်ကျရင် အရင်လိုပဲ အင်္ဂါဂြိုလ်မှာဆုံကြရအောင် ။  ။

ဒီလူ(တောင်တွင်းကြီး)

" ခေတ် သားရဲ"

ဒီကဗျာကို ချရေးလိုက်ဖို့

ထောက်ရှု့ထားတဲ့ ထုလျှောက်လွှာလိုသေးသလား

ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာတဲ့

ခင်ဗျားတို့ပြောပြောနေတဲ့ ဘာသာဘာဝကြီးကနေ

သိမှု့ကိုတွန်းရွှေ့ကြည့်လိုက်တော့

အောက်ပါ အတိုင်း ထွက်ကျလာတယ်

အမိန့်အရ အချစ်လက်ထပ်ကတိပြုလွှာတဲ့ လားကွယ်

ဇွတ်ပဲ..

:) :) :) (ခိုင်မြဲ သုံးခါ တိတိ ပြုံး)

ဟိုက်!!! စောက်ရေးမပါတာတွေ စောက်ရေးပါလာရင်တော့

စောက်ပြသနာတွေတော့ တက်တော့မယ်

ဆိုးသလားဆိုကာ ထောင်းနေသူများ

အား...

ဒီနေရာမှာ အမိန့်အရများကို အမိန့်အရအပေါင်ဆိုင်က အစ

အမိန့်အရ အရက်ဖြူဆိုင် အလယ်

အမိန့််အရ ဖြိုးခွင်းခြင်း အလတ်

အမိန့်အရ ကိုယ့်အမေကိုယ် -ိုးဖို့ အဆုံး ထိ

ဆုံးသွားရာကို

စိတ်သွားရာအထိ ဘောလီဘော ပုတ်ကြည့်မယ်..

အထားနဲ့အနေနဲ့ အထိနဲ့အညှိနဲ့ဝါကျများ

ခင်ဗျားတို့ပြောတဲ့ ကပြုကြီးလား ဘာလား ညာလား မသိကြီးနဲ့

ခေတ်တစ်ခေတ်ရဲ့ သားရဲ ပီသဖြစ်ခဲ့တယ်။               ။


                               မင်းခိုင်မြဲ

"ဘုရားစာမဆိုပဲအိပ်ပျော်သွားတဲ့နေ့ကဧည့်ခန်းထဲဖိနပ်စီးဝင်လာတဲ့ကောင်တွေ"

Knock … knock တံခါးဟာသူ့အလိုလိုပတ်စပို့ပြခိုင်းတယ်

အဖြူရောင်ဟာအလင်းကိုမကြောက်လို့ ပိုမွှန်သွားရင်

အပြာဝမ်းဆက်ခါးမှာချိန်ပြီးတစ်ယောက်မှမထရ

မကောင်းဆိုဝါးလည်းရောက်မလာဘူးဘုရားလည်းရောက်မလာဘူး

အပြန်အလှန်ပစ်တယ်၊ပုန်းတယ်၊ပစ်ပြီးပြန်ပုန်းပြတင်းပေါက်ကခုန်ချ

လက်ပိုက်ရပ်နေတဲ့တစ်ယောက်ကငါ၊သေချာကြည့်နည်းနည်းပိန်တယ်

မကောင်းမှု့တစ်ခုခုလုပ်ထား/ခဲ့ဖူးသလား……စဉ်းစားစမ်း

Note ထဲမှာမှတ်ထားတဲ့(saw)ဇာတ်ကားရိုက်ဖို့ ရှိတာသွားသတိရတယ်

နံပါတ်တစ်ပိုက်ဆံမရှိဘူးနံပါတ်နှစ်ပိုက်ဆံမရှိဘူးနံပါတ်သုံးပိုက်ဆံမရှိဘူး

ခေါင်းပေါ်လက်တင်ပြီးသမ္မာအာဇီဝကိုပိုက်စိတ်တိုက်ပြီးရှာတယ်

သူတို့ ကကြက်ဖ၊ငါတို့ ကမင်းသားဘယ်တော့မှမသေဘူး

ပုံစံဟာငတ်လို့ လုပ်စားတာလို့ ကျမ်းကျိန်ဆိုတယ်

ပုံစံဟာရေခဲသေတ္တာမမြင်ဖူးဘူး

ပုံစံဟာဓါတ်ပုံရိုက်တတ်တယ်

ပုံစံဟာဒီလိုဖြစ်နေရမယ်လို့ ပုံစံကိုချီးကျူးတယ်

ပုံစံကမင်းတို့ ဟာငါတို့ မဟုတ်ဘူးလို့ အော်ပြောတယ်

ငါတို့ ဘာလို့ ပြုံးနေလဲပုံစံဟာစာမတတ်ဘူး

ထောင်ထားတဲ့ကျိန်စာတွေကိုပုံစံဟာအငမ်းမရကြိုက်တယ်

မနက်စောစောထလည်းပုံစံဟာမအေးဘူး

ပုံစံဟာအုပ်စုလိုက်လှုပ်ရှားတယ်(ဒါမှရေမန်းနဲ့အပက်မခံရမှာ)

ပုံစံ မှာ ပုံစံ မရှိဘူး ပုံစံ ဟာ ပုံစံ အစုံလုပ်တတ်တယ်

ပုံစံ ဟာသေရမှာကြောက်လို့ မကြောက်တဲ့ ပုံစံဖမ်းထားတယ်

သဘက်ခါအထိစောင့်လိုက်ပြီးပုံစံဟာဘာမှမဖြစ်သလို

ရယ်ရယ်မောမောထမင်းလိုက်ကျွေးတော့ပုံမှန်ပဲ။


                                                                            
                                                                                   *တယ်ရီ

                                                                                               4.1.2012

                                                                                                             0230am



ဒီကိုသူရောက်မလာခင်တုန်းကဆိုပဲအရှေ့ပိုင်းမှာရေတွေပြတ်ကုန်တာနေလုံးဝမပူဘူး

ဘယ်လိုလုပ်မှာလဲပဲပြောသူတို့ ကဒီဈေးနဲ့ ဆိုမဖြစ်ဘူးပြောနေတာ

မနေ့အထိအဲ့နားမှာယောင်လည်လည်လုပ်နေတယ်လို့ ပြောတာပဲ

သူအဖေပုဆိုးပေါ်ရေနွေးတွေဖိတ်ကျတဲ့ကိစ္စအဲ့ဒါသူကမြို့ထဲ

မှာဗိုက်ဆာလို့ ကြေးအိုးဝင်ဝယ်တုန်းနောက်ကကားကို

ဟွန်းတတီတီတီးရမလားဆိုပြီးရိုက်လိုက်တာမြန်မလားလို့

မီးပျက်နေလို့ နေ့ခင်းမှလာရွေးပါတဲ့ပြောတုန်းခဏပါပြီးတော့လည်း

ဖုန်းကောက်ကိုင်ပြီးဘယ်သူမှမရှိဘူးပြောချင်ပြောနေတာ

လွယ်တာမဟုတ်ဘူးတိုက်ပွဲတုန်းကအတူတူလွပ်လပ်ရေးရမှခွဲခြားခွဲခြား

မလုပ်နဲ့တဲ့သူကမမူးသေးရင်အဲ့အတိုင်းပဲကြုံတုန်းဟာသပြောပြရဦးမယ်

မနေ့ တုန်းကမြို့လယ်ခေါင်မှာအိပ်နေတုန်းလာနှိုးလို့ ဖြစ်မယ်

မနက်စာမစားဘူးထထွက်သွားပါလေရောအဲ့ဒါကိုပြောကြတာထင်တယ်

ကျားကြောက်လို့ ရှင်ကြီးကိုးရှင်ကြီးကျားထက်ဘာဆိုလား

တခွန်းမခံဘူးရလိုရငြားကားနဲ့ကြိုးရှည်ရှည်လှန်ထားတဲ့ခါးဆိုပြီး

ဝယ်တော့ဝယ်လာတယ်ဒါပေမယ့်ကြိုက်မကြိုက်တော့

ကိုယ့်ဘာသာကိုယ်ဝတ်ကြည့်လိုက်ဒါတောင်မနည်းပြောလာရတာ

အိမ်ကမသွားရဘူးဘာညာလုပ်နေလို့ ဖွင့်ကြည့်လိုက်တော့

နှစ်ရွက်သုံးရွက်တွေ့တာနဲ့အသာကောက်ထည့်ပြီးတော့

အိမ်ကကောင်ဝင်ကြိုကျူရှင်ဆရာမကလည်းချောသားဟ

နောက်ဆိုလာလည်ပါတဲ့ဂျိုလီကအဲ့ထဲမှာစပိုင်နေရာကကွာ

သူကိုလွှတ်လိုက်တာကအစကအကြွေးတောင်းဖို့ အဲ့ဒါကို

လမ်းမှာဖဲဝင်ရိုက်ပစ်လိုက်တာလေအဲ့လိုကောင်မျိုးမပေါင်းနိုင်တော့ဘူး

ဆိုပြီးဆင်းသွားပြီးသိပ်မကြာပါဘူးလမ်းထိပ်ကလက်ဖက်ရည်ဆိုင်က

ကောင်လေးကိုပါဆယ်လှမ်းမှာလိုက်တာဒီနေ့ထိညနေဘက်နည်းနည်း

မှောင်ပြီဆိုတွေ့တဲ့လူတချို့ဖျတ်ခနဲဖျတ်ခနဲတွေ့တွေ့နေတယ်ပြောတယ်။







                                                                                        *တယ်ရီ

                                                                                                          10.1.2012

                                                                                                                                1120pm

"ဖိနပ်ပေါ်မှာပဲ မိုးတွေ"


မရောက်နိုင်တဲ့ အဆုံး ကို ပြန်ကြတယ် ဖိနပ်ပေါ်မှာပဲ မိုးတွေ
နှပ်တွေ ၊ မျက်ရည်တွေ ၊ ချွေးတွေ
ပျက်နေတဲ့ ပါးကွက်လေး

နင်နဲ့တော့ တော်တော်ဆင်တယ်။
အပေါ်က တစ်ယောက်ပြောတဲ့စကားကို နားမထောင်နဲ့

သူက ရူးနေတာ
အဲဒါတွေကို ခဏခဏ မြင်တယ်
ကျွန်တော်ကတော့ လူမိုက်မလေးကို ချစ်နေတုန်း
ကိုနေမြဲကတော့ တိုကျိုကို လွမ်းနေရော့မယ်
ဖိနပ်ပေါ်မှာပဲ မိုးတွေ

သိမှု အပုပ်အပွတွေ ကြိုးအနေတဲ့ လိုင်းတွေ
ဖိန့် ဖိန့် ဖိန့် ဖိန့် ဖိန့် ဖိန့် မနားတမ်း တအား
တွေ လုပ်လုပ်လုပ်လုပ်
I can't tell u what is really is

ငါက နားထောင်နေတုန်း Eminem က ငါ့ကိုဆဲသွားတယ်
အလကားရတဲ့ နွားကို သွားဖြဲနေတုန်း


(စားသုံးဆီတွေနဲ့ ကြော်ချက်ထားတဲ့)

ကဗျာ ထိပ်သီးတွေ မှ တစ်ပုဒ် ခုနှစ်ထောင်

(သတ်မှတ်ချက်နဲ့ အညီ ဈေးနှုန်းကို ကောက်ခံလေ့ရှိ)

ရုပ်ရှင် ကြည့် ပြီးတော့ တေးကဗျာ
ဖတ်/fuck

ရှစ်နာရီ သတင်းက ကြေညာအပြီးလောက်မှာပဲ
ထောက်ခံစာတစ်စောင်နှင့်
မြေနီကုန်းမှ ပြည်သူ့ရင်ပြင်
ကိုရောင်းချ(နီးနီးလေး) ခံလိုက်ရတယ်
လှည်းတန်းမှ အင်းယားကန်ဘောင်မှာ
အထူး ပိတ်ဆို့ခံ စက်ရုံသမလေးတွေ

လွတ်လပ်တဲ့ လူသားထုတ်ကုန်အဖြစ်
ကလုန်း ကလုန်း ကလုန်း ကလုန်း

အားလုံးဟာ သာတူညီမျှဆိုရင်
တက်ကြွနေတဲ့ စိတ်ဓါတ်တွေနဲ့အတူ လှော်ခတ်ကြမှာပေါ့
မနိုင်ရင် အိပ်ရာပေါ်မှာ မနားတမ်းပြေးတဲ့ ခွေးမလေးကို
မြေနီကုန်းကနေ ပြည်သူ့ရင်ပြင်
ပို့
လိင်စိတ်က လွဲပြီး ဘယ်စိတ်ကိုများ တည်တည်တံ့တံ့ ထားနိုင်ကြသလဲ(မေး)
ဒါကတော့
ကိုယ့်အတွေးနဲ့ကိုယ် ဖျော်သောက်တာပါတဲ့
Super.

တက်ကြွ လှုပ်ကြွ သူတွေကို
ဦးကျောက်လုံးကတော့ ပြောရှာတယ်
မရပ်ဇ်ဆိုတာ ဘက္ကဒက်မှာ တွေ့ခဲ့တဲ့ သူငယ်တဲ့
ခမီခဇဲ ဆိုတာ ရေးလည်းအမှန် ဖတ်လည်း အသံလားဗျာ
ကောင်းလိုက်တာ ဆရာရယ် သမိုင်းကို ရုပ်ရှင်ကြည့်ရသလိုပဲ ဆိုတာ
ဘာကြီးများလဲဗျာ
ပုန်းရေကြီးထဲမှာရော တိုကျို ပါသလား
ဟင် ။


  • မောင်မြတ်သူ

"စီတန်း လှည့်လည်ခွင့်"

  • စီတန်း လှည့်လည်ခွင့်


မဆိုင် တဲ့ ဂလိုင်ကို
ရွေးရွေးခေါက်နေတယ်
ကိုယ်ဟာ
ဆယ်တန်း ကျောင်းသား
လက်ထဲမှာ ဥပဒေ စာအုပ်နဲ့ အတန်းသားအခွင့်အရေးကို
ကိုယ်သိတယ်
ဆရာမတွေရဲ့ ကျင့်ဝတ်ချိုးဖေါက်မှုလား
ကိုယ် စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့
ဆန္ဒ
ထုတ်ဖေါ်မယ်
ကျေက်မီးသွေး တွေ
ကျောင်းလခတွေ
သန့်ရှင်းရေးကြေးတွေ
အိမ်သာဆေးရမှုတွေ
ကြက်ဆူပင်တွေ ကြားမှာ
တစ်ကိုယ်တော် ဆန္ဒ
ထုတ်ဖေါ်မယ်
ကိုယ်ဟာ ဒဿမတန်း ကျောင်းသား တစ်ယောက်ပဲ
နိုင်ငံတော်တွင်း ထင်လင်း ရှိရမည်
င့ါရဲ့ ရေပေါ်ဆီတွေ က ကာတွန်းထဲမှာ။


မောင်မြတ်သူ

"ပြည့်တန်ဆာတွေကို တရားဝင် အသိအမှတ်ပြုဖို့"


"ပြည့်တန်ဆာတွေကို တရားဝင် အသိအမှတ်ပြုဖို့"

ပြည့်တန်ဆာတွေ တရားဝင်ရပ်တည်ခွင့် ရဖို့ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းက လွှတ်တော်မှာ တရားဝင် တင်သွင်းမယ် ဆိုတဲ့ သတင်းကို
ကြားလိုက်ရတော့ ကျွန်တော် တော်တော် ၀မ်းသာသွားပါတယ်။ ဘေးဖယ်ထုတ် ခံ ဖြစ်နေတဲ့ ဒီ အမျိုးသမီးတွေ အတွက် အဆို တင်သွင်း
ပေးမယ်ဆိုတာမျိုးက ကျနော့်တို့ အဖို့ လုံးဝ မမျှော်လင့်ထားတဲ့ ကိစ္စ တစ်ခု အကောင်အထည် ပေါ်လာသလို ခံစားရပါတယ် ။ အဲဒီအချိန် အများသုံး
ဆိုရှယ်ဆိုဒ် တစ်ခု ဖြစ်တဲ့ facebook ကိုလည်း ကြည့်လိုက်ရော ကျနော် အရမ်းကြီး မထင်မှတ်ထားတဲ့ ရှု့ထောင့် ပေါင်းစုံကနေ ဒီ ပြည့်တန်ဆာ
အမျိုးသမီးတွေရဲ့  တရားဝင် ရပ်တည်ခွင့်ကို ဆန့်ကျင်ဖို့ lobby လုပ်နေတဲ့ စာတွေ ကွန်းမန့်တွေကို အများကြီး မြင်ခဲ့ရတယ်။တချို့စာတွေက ကျနော် လေးစားရတဲ့ နိုင်ငံရေးသမားတွေ ကရေးတာ ဖြစ်ပြီး တချို့တွေကတော့ မဟာဖိုဝါဒ လို့ ပြောရမလား ကွန်ဆာဗေးတစ် ပဲ ပြောရမလား
ဆဲလိုက်ရမှ နေသာထိုင်သာ ရှိတဲ့ ပုဂ္ဂိုလ်တွေပဲ ပြောရမလား သူတို့တွေကလည်း တစ်တပ်တစ်အား ရေးကြတာကို မြင်ရပါတယ်။ အများစုကတော့
ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးတဲ့ စကားကို တလွဲလေး ကိုးကားရေးကြတာပါပဲ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတာက သူများ ကြိုးစားသလို မကြိုးစားရင်
ဟိုနိုင်ငံလာလည်း မျက်နှာချိုသွေးရ ဒီနိုင်ငံလာလည်း မျက်နှာချိုသွေးရတဲ့ ဖာသည်လို နိုင်ငံမျိုးကြီး ဖြစ်သွားမယ် ဆိုတဲ့ သဘောကို ပြောတာပါ ။ ဒါကို facebook user တော်တော်များများက ဗိုလ်ချုပ်ပြောတဲ့ ဖာနိုင်ငံကြီး ဖြစ်သွားမယ် ဒီလို မိန်းကလေးတွေကို တရားဝင် ရပ်တည်ခွင့် မပေးသင့်ဘူး ဘာညာစသည်ဖြင့်တွေ အပြင်။ ဒေါ်စန္ဒာမင်းကိုပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ အများကြီးကိုပဲ ဖွယ်ဖွယ်ရာရာ မှတ်ချက်(comment)လေးတွေ ပေးနေတာကို ၀မ်းနည်းဖွယ်ရာ မြင်တွေ့နေရပါတယ် ။

ကိုမိုးသီးဇွန် ရဲ့ facebook မှာ သူက ပြည့်တန်ဆာဆိုတာ လိင်ပိုင်းဆိုင်ရာ ကျွန်ပြုခံရသူတွေ ဖြစ်တယ်လို့ ethic ပိုင်းအရ မြင်တယ်ဆိုတဲ့  မှတ်ချက်ကို
တင်ထားပါတယ် ။အဲဒီအမြင်ကို ကျွန်တော် လက်ခံပါတယ် ဒါပေမယ့် နောက်ဆုံးမှာ အပိတ်ပြောသွားတဲ့ ပြည်တန်ဆာလုပ်ငန်းကို တရား ၀င်ပြုလုပ်မယ်ဆိုတဲ့
မစန္ဒာမင်း အနေနဲ့ ဒီအဆိုကို လွတ်တော်မှာ မတင်စေချင်ဘူး။လူသားအချင်းအချင်း ကျွန်ပြုတဲ့လုပ်ငန်းကို လူအခွင့်အရေးတိုက်ပွဲဝင်သူတဦးက
တင်သွင်းမယ်ဆိုတာကို အလွန် တုန်လှုပ်မိပါတယ် ဆိုတဲ့ မှတ်ချက်ကိုတော့ လွတ်လပ်စွာ သဘောထား ကွဲလွဲပါတယ် ။ လက်ရှိ မြန်မာပြည်မှာ ကျွန်ပြုခံနေရတဲ့
အဲဒီ အမျိုးသမီးတွေဟာ လူသားတစ်ယောက်ပါ ဆိုတဲ့ အမြင်နဲ့ ကြည့်ရှုခံရခြင်း ကင်းဝေးနေပါတယ် ။ အမေရိကန် မှာ ပြည့်တန်ဆာ လုပ်ငန်းကို ပပျောက်အောင် လုပ်ကိုင်နေတာကို ကျွန်တော် လက်ခံပါတယ် ။ဒါပေမယ့် အမေရိကန်လို နိုင်ငံမှာက ပြည့်တန်ဆာတွေဟာ လူသားတွေလို့ကို အသိအမှတ်ပြုကြပါတယ်။ ပြည့်တန်ဆာတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု စင်တာတွေရှိနေတယ် ။ သူတို့တွေက ပြည့်တန်ဆာ အလုပ်
မလုပ်ချင်တော့ရင် သူတို့ကို ပြန်လည်ပြုပြင်ပေးတဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကူအညီပေးနေတဲ့ နေရာတွေ အများကြီးရှိတယ် ။ မြန်မာနိုင်ငံမှာတော့ ပြည့်တန်ဆာအမျိုးသမီးတွေဟာ ယုတ်စွအဆုံး ထောင်နဲ့အေ့စ် ရောဂါသည်တွေကို စုပြုံထားတဲ့ နေရာတွေပဲ ရှိသလို လူလို့လည်း
အသိအမှတ်အပြု မခံကြရဘူး ။ကျန်းမာရေးစောင့်ရှောက်ပေးမှု မရှိသလို သူတို့တွေအတွက် ပြန်လည်ပျိုးထောင်ရေးစခန်းတွေ သူတို့ကို အလုပ်အကိုင်
ပေးမယ့် နေရာတွေ စသည်ဖြင့် မရှိသေးဘူး။ဘာလို့ မရှိသေးတာလဲ ??? ဖြေပါ့မယ် ဒီနိုင်ငံရဲ့ ဖိုဝါဒအားကောင်းမှုရယ် ရှေးရိုးစွဲ အမြင်တွေရယ်က
ဒီမိန်းကလေး တွေဟာ လူသားတွေပါလား ဆိုတဲ့ အရှိတရားကို ဖုံးလွှမ်းနေတဲ့ အတွက်ပါ ။ ပြည့်တန်ဆာ ဆိုတာ မရှိလေ ကောင်းလေပါပဲ ဒါပေမယ့်
ရှိနေတယ် ဘာကြောင့်ရှိလဲ လူသားတွေရဲ့ ရမ္မက်တွေ အလိုဆန္ဒတွေ ကြောင့်ရှိနေရတယ်။ သူတို့တွေ ဘာလို့ ပြည့်တန်ဆာ ဖြစ်နေရလဲ စီးပွားရေး၊အသိပညာမဖွံဖြိုးမှု၊ဖိနှိပ်ခံရမှု၊ခြိမ်းခြောက်ခံရမှုနဲ့ လူကုန်ကူး ခံရမှု တွေမှာ အများဆုံးဖြစ်နေကြပါတယ် ။

ပြည့်တန်ဆာတွေ လက်ရှိ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး ရပ်တည်နေကြလဲ???

မြန်မာနိုင်ငံမှာ ပြည့်တန်ဆာအဖြစ် အလုပ်လုပ်ကိုင်နေကြတဲ့ အမျိုးသမီးအရေအတွက်ဟာ သိန်းဂဏန်း အထက်မှာ ရှိပါတယ်။ အသက်အရွယ်
ကတော့ အငယ်ဆုံး ဆယ့်သုံးနှစ်လောက်နေပြီး ငါးဆယ် ပတ်လည် အထိ ရှိနေကြပါတယ်။ သူုတို့ အားလုံးဟာ မြန်မာနိုင်ငံရဲ့ ၁၉၄၉ခုနှစ်
ပြည့်တန်ဆာနှိပ်ကွပ်ရေးအက်ဥပဒေ ရဲ့ ပုဒ်မ၃ ကြောင့် တရားဝင် ရပ်တည်ခွင့်ကို မရကြပါ ။ သူတို့ အားလုံးဟာ ဇိမ်ခန်းပိုင်ရှင်တွေ ခေါင်းတွေရဲ့
အောက်မှာနေပြီး အုပ်ချုပ်ရေးပိုင်းတွေ ပြည်ထဲရေးလက်အောက်ခံ (ရဲ၊စရဖ၊SB၊စသုံးလုံး) စသူတွေကို ဆက်ကြေးပေးပြီး နေထိုင်နေကြရပါတယ် ။
တရားဝင် မဟုတ်ပေမယ့် ဆက်ကြေးရဲ့ ကာကွယ်မှုနဲ့လာဘ်စားမှုအောက်မှာ အိနြေ္ဒရရနဲ့ ရှိနေတယ်ဆိုတာကို ဘယ်သူမှ မငြင်းပယ်နိုင်ပါဘူး ။
ကျွန်တော်က ဧရာဝတီတိုင်း အတွင်းက နယ်မြို့လေး တစ်မြို့ကပါ ။ ကျွန်တော်တို့ မြို့ရဲ့ မြို့ပါတ်လမ်းမှာ ဆိုရင် ကေတီဗီ၊ဧည့်ရိပ်သာ၊ဗြူးတီးဆလွန်း
အစရှိတဲ့ ဆိုင်းဘုတ်တွေနဲ့ ဇိမ်ခန်းပေါင်း ဆယ့်တစ်ခု လောက်ဟာ ပုံမှန် ရှိနေပါတယ် ။ ဇိမ်ခန်းတွေရဲ့ ရှေ့တည့်တည့်မှာ ဆိုရင် မြို့ရဲ့
တစ်ခုတည်းသော ဂေါက်ဖ် ကွင်းရှိနေပါတယ် ။ အဲဒီ ဂေါက်ဖ် ကွင်းမှာ မြို့ရဲ့ စစ်တပ်က အရာရှိတွေ ၊ အုပ်ချုပ်ရေးမှူးတွေ ၊ မြို့ရဲ့
မျက်နှာဖုံး ပုဂ္ဂိုလ်တွေ နေ့တိုင်း ဂေါက်ဖ့် ကစားကြပါတယ်။ သူတို့ ရှေ့တည့်တည့်က ဇိမ်ခန်းတွေကို သူတို့ မသိဘူး မရှိပါဘူး ဒါပေမယ့်
အပိုဝင်ငွေ ဖြစ်နေတဲ့ အဲဒီ အခန်းတွေကို လုံးဝကို မမြင်ချင်ယောင် ဆောင်ပေးကြပါတယ် ။ ဒီတော့ တရားဝင် မလုပ်ပေးဖူးဆိုရင်လည်း
ဇိမ်ခန်းတိုင်းဟာ သူတို့ကို ဆက်ကြေးအဖြစ် တစ်လကို ငွေဆယ်သိန်း ကျော် လာဘ်ပေးနေကြတာပါပဲ ။ ရဲတွေစရဖတွေSBတွေ ဆိုရင်
ဆက်ကြေးအပြင် မိန်းကလေးတွေနဲ့ သွားပီး ငွေကြေး တစုံတရာ မပေးဘဲနဲ့ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တာတွေ ။ ညှဉ်းပန်းနှိပ်စက်တာတွေ
အမြဲတမ်းလို ဖြစ်လျက်ရှိပါတယ်။ ဇိမ်ခန်းတွေက လဘ်ငွေပေးရတာ များတဲ့အတွက် မိန်းကလေးတွေကို ပေးရမယ့် လုပ်ခကို စရိတ်ငြိမ်း(တစ်နေ့ကိုထမင်းနှစ်နပ်ကို လျော့ပြီးပေးပါတယ်) လစာအဖြစ် တစ်လကို တစ်သောင်း ၊တစ်သောင်းခွဲ စသည်ဖြင့်ပေးပြီး ၊
ဆက်ရှင်ကြေးအဖြစ် တစ်နာရီကို ငါးရာ ကျပ်ပေးပါတယ် ။ အဖမ်းအဆီးခံရလို့ ရဲဆီက ပြန်ရွေးရရင် ရွေးရတဲ့ ငွေအတိုင်းကို မိန်းကလေး
တွေဆီက ပြန်ဖြတ်ပါတယ် ။ ဇိမ်ခန်းပိုင်ရှင်တွေကတော့ လူတစ်ယောက်က လာရောက်ပျော်ပါးပြီ ဆိုလျင် တစ်နာရီကို သုံးထောင့်ငါးရာကနေ
ငါးထောင်ကြား ရပြီးတော့ ပြန်ပေးရတဲ့ ငွေက တစ်နာရီ ငါးရာဆိုတဲ့ အတွက် သူတို့ ပေးရတဲ့ ဈေးကြီးလှတဲ့ဆက်ကြေးဒဏ်ကို ခံနိုင်နေတာပဲ ဖြစ်ပါတယ် ။
အမျိုးသမီးတွေကို ဇိမ်ခန်းပိုင်ရှင်တွေက ကျန်းမာရေးစစ်ဆေးပေးမှု တွေကို လုံးဝ လုပ်မပေးတဲ့ အပြင် ကွန်ဒုံးကဲ့သို့သော အခြေခံ စောင့်ရှောက်မှု
တွေက အစ အမျိုးသမီးတွေကပဲ သူတို့ ငွေနဲ့ ဖြည့်တင်းပေးနေရပါတယ် ။လာရောက်တဲ့ customer တွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ
စော်ကားမှုတွေကိုလည်း ဇိမ်ခန်းပိုင်ရှင်တွေက မသိကျိုးကြွံပြုပီး နေပါတယ်။ အများစုဟာ အိမ်ကို ပြန်လည် ထောက်ပံ့ရဖို့ အတွက်တောင်
အလျင်မှီအောင် အများကြီး ရုန်းကန်နေကြရပါတယ်။ ဒါကတော့ ဇိမ်ခန်းတွေမှာ လုပ်ကိုင်နေတဲ့ ပြည့်တန်ဆာတွေရဲ့ အခြေအနေတွေပါ ။
နောက်ထပ်ပြီးတော့ ကလပ်တွေ ဖုန်းနဲ့ဖြစ်စေ လူကိုယ်တိုင်အပြင်မှာထွက်ပြီးဖေါက်သယ်ခေါ်တာမျိုးဖြစ်စေ အင်တာနက်မှတဆင့်ဖြစ်စေ
လုပ်ကိုင်နေကြတဲ့ အမျိုးသမီးတွေ လည်း အများအပြားရှိပါတယ် ။သူတို့အားလုံးဟာလည်း တရားဥပဒေစိုးမိုးမှု အောက်မှာ ရောက်မနေပါဘူး
သက်ဆိုင်ရာ နယ်ထိန်းတွေကို ဆက်ကြေးပေးပြီး ရှင်သန်နေကြတာ များပါတယ် ။ မိသွားခဲ့ရင်လည်း ထောင်ကျပြီးရင် ပြန်လည်ပြုပြင်ရေးစခန်းတွေမရှိ
၊အလုပ်အကိုင်က ရှားပါး ၊ပါတ်ဝန်းကျင်ကလည်း ရွံစရာ သတ္တ၀ါတွေလိုမျိုးခွဲခြားပြီး ဆက်ဆံ ဒါမျိုးတွေနဲ့ ပဲ နှစ်ပါးသွားရပြီး နောက်ပိုင်း ပြည့်တန်ဆာ အလုပ်ကိုပဲ ပြန်လုပ်ရတာတွေ အများကြိးပါ။

ဘာကြောင့် ပြည့်တန်ဆာ ဖြစ်ကြရလဲ???

အဓိကကတော့ အလုပ်အကိုင်ရှားပါးမှု နှင့် အသိပညာချို့တဲ့ခြင်းတွေကြောင့်ပါ ။ မြန်မာနိုင်ငံမှာ ဆန်ရှင်နောက်ပိုင်း အထည်ချုပ် စက်ရုံတွေ ပိတ်လိုက်ရတဲ့ နောက်မှာ ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်သူ အမျိုးသမီးတွေ ပိုပေါလာတာကို မြင်ရပါတယ်။ အလုပ်အကိုင်ရှားပါးမှု ရဲ့
ဒဏ်ကို ခံနေရတဲ့ ဘွဲ့ရပညာတတ် အမျိုးသမီး အနည်းငယ်တောင်မှ ရရာအလုပ်ဖြစ်တဲ့ ဒီလုပ်ငန်းကို လုပ်ကိုင်လာရပါတယ်။ မိသားစု
စားဝတ်နေရေးက၀န်ပိလာမှုတွေ လုပ်ခလစာ အဆမတန်နည်းပါးမှုတွေ ရဲ့ ဖိနှိပ်မှုတွေ အောက်မှာ အလွယ်ကူဆုံးနဲ့ ငွေရမယ်လို့ ထင်ရတဲ့
ဒီလုပ်ငန်းကို လုပ်ကိုင်လာရတာပဲ ဖြစ်ပါတယ်။ ပြည့်တန်ဆာ အလုပ်ကို ရွေးချယ်ခဲ့ကြရတဲ့ မိန်းကလေး အများစုဟာ သူတို့ရဲ့ လတ်တလော
အပူကို ဖြေရှင်းယုံ သက်သက် ရည်ရွယ်ခဲ့ကြပေမယ့် ဒီလုပ်ငန်းဟာ လုပ်ကိုင်တဲ့ လူအများစုကို သေမထူးနေမထူး ဖြစ်သွားစေတဲ့ အထိ
ဖိအားတွေ ရလာချိန် လူ့အဖွဲ့အစည်းရဲ့ စွန့်ပစ်မှုကို ခံလာရချိန်တွေမှာ ဆက်လက် လုပ်ကိုင်ကြရတဲ့ အခြေအနေတစ်ခုပါပဲ ။ ယဉ်ကျေးသော
လူ့အဖွဲ့အစည်းတွေက ပြည့်တန်ဆာ လုပ်ငန်းကို လူသားချင်း ကျွန်ပြုခြင်းလို့ မြင်နေကြပေမယ့် ။ မြန်မာနိုင်ငံမှာတော့ စက်ဆုပ်စရာ အလုပ်တစ်ခု
လို့ မြင်နေကြပါတယ် ဒါကလည်း ဖိုဝါဒကြီးစိုးတဲ့ ရှေးရိုးစွဲနိုင်ငံ တစ်ခု ဖြစ်နေလို့ အများကြီးတော့ ရှင်းပြနေစရာ မလိုတော့ပါဘူး ။ကျေးရွာ
တော်တော်များများမှာ ဆိုရင် သမီးမိန်းကလေး မွေးတဲ့ မိဘတွေက သမီးမိန်းကလေးတွေကို ပြည့်တန်ဆာလုပ်ငန်းတွေ ကို တစ်ဖက်လှည့် လုပ်ကိုင်နေကြတဲ့ ကေတီဗီတွေမာဆတ်တွေမှာ အိမ်အကူအဖြစ်ခေါ်တယ်ဆိုပီး မိခင်ဖခင်တွေကိုယ်တိုင် သွားရောက်ပို့ဆောင်နေကြတုန်းပါပဲ ။
ပြီးတော့မှ သမီးက ပြည့်တန်ဆာဖြစ်မှ သိရတော့လည်း မထူးဇာတ်ခင်းပြီး ဆက်နေနေကြပါတယ် ။ ဒါကလည်း အသိပညာ ချို့ယွင်းမှု တစ်ခုပါ ။
မြန်မာပြည်မှာ တွေးခေါ်နိုင်စွမ်း အားနည်းမှုကနေ လူကုန်ကူးခံရတာတွေ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေဟာ နေ့စဉ်တိုင်းလိုလို ဖြစ်ပွားနေပါတယ် ။
ပြည့်တန်ဆာလုပ်ငန်းကို မရှိစေချင်ရင် ဖမ်းဆီးရုံသက်သက်က အဆင်မပြေတော့ပါဘူး ။ ဖမ်းဆီးပြီး နောက်ပိုင်းမှာလည်း ပြန်လည်ထူထောင်ရေးတွေ
အလုပ်အကိုင်တွေ မဖန်တီးနိုင်သ၍ ကျွန်တော်တို့ဟာ အမယ်ဘုတ်ရဲ့ သူ့ချည်ခင် ဆိုသလို ဘယ်တော့မှ အစဆွဲထုတ်နိုင်မှာ မဟုတ်တော့ပါဘူး။

ပြည့်တန်ဆာတွေကို လက်ရှိအတိုင်းပဲ တရားမ၀င်ထားရင် ??

ပြည့်တန်ဆာ ဆိုတာ မရှိဘူးလို့ ငြင်းပယ်နေတဲ့ အချိန်မှာလည်း သူတို့က တည်ရှိနေကြတယ် ။ဆက်လက်ပြီး ငြင်းပယ်နေရင်လည်း တည်ရှိနေအုံးမယ့်
သဘောမှာ ရှိပါတယ် ။ လူတို့ရဲ့ ရမ္မက်တွေနဲ့ အညီ ကြီးမားလှတဲ့ အလိုဆန္ဒတွေကြောင့် ပြည့်တန်ဆာ ဆိုတဲ့ အသက်မွေးဝမ်းကျောင်းက ပေါ်ပေါက်
လာရတာပဲ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ကို ပပျောက်ခဲ့ခြင်း မရှိသေးပါဘူး။ လက်ရှိမှာ အသိအမှတ်မပြုလည်း ဥပဒေမဲ့ လာဘ်ပေးမှုတွေနဲ့
အကျင့်ပျက်ချစားမှုတွေနဲ့ အတူ တည်ရှိနေအုံးမှာပါ။ကျန်းမာရေးစောင့်ရှောက်မှု တွေ မရှိတဲ့ အတွက် ကူးစက်ရောဂါ ပြန့်ပွားနှုန်း(HIV/AIDS နှင့်
အသည်းရောင်အသားဝါ Bပိုး Cပိုး စသည်) တို့ကို ထိန်းချုပ်နိုင်မှာ လည်းမဟုတ်ပါဘူး ။ သူတို့ရဲ့ တရားဝင် ဖြစ်တည်မှုကို အသိအမှတ်မပြုတဲ့အတွက်
ဥပဒေချိုးဖေါက်မှုတွေ လာဘ်စားမှုတွေကိုလည်း တားဆီးနိုင်မှာ မဟုတ်သလို လက်ရှိမှာ အားလုံး ဖေါ်ဆောင်နေတဲ့ clean government ဆိုတာ
ဟာလည်း ပွင့်လင်းမြင်သာမှု မရှိခြင်းနဲ့ အတူ ပျောက်ဆုံးသွားမှာပါပဲ။ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ခြင်းတွေနဲ့ အတူ လူသားချင်းစာနာမှုကို
မပြသနိုင်တဲ့ နိုင်ငံ အဖြစ်ကို လည်း ရောက်ရှိနေမှာ ဖြစ်တယ်လို့ မြင်မိပါတယ်။

ပြည့်တန်ဆာတွေ တရားဝင်ဖြစ်လာခဲ့ရင် ????

(1) ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးရင်းကနေ ကူးစက်ရောဂါတွေ ပြန့်ပွားနှုန်းကို ထိန်းချုပ်လာနိုင်မယ်

(2) တရားဝင်ရပ်တည်မှု ဖြစ်လာတဲ့အတွက် လာဘ်ပေးမှုတွေ လျော့ကျသွားမယ် ဥပဒေမဲ့ စီးပွားရှာခြင်းတွေ လျော့ကြလာမယ်
     ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းတွေ ညှဉ်းပန်းနှိပ်စက်မှုတွေကနေ ပြည့်တန်ဆာအဖြစ်လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေ
     လွတ်မြောက်လာမယ် နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်အဖြစ် ဥပေဒေရဲ့ စောင့်ရှောက်မှု အောက်မှာ နေထိုင်ရမယ်

(3) တရားမ၀င်ငွေကြေးတွေ ကနေ တရားဝင်တဲ့ နိုင်ငံတော်ရဲ့ အခွန်ဘဏ္ဍာဖြစ်လာမယ် နိုင်ငံရဲ့ ၀င်ငွေခွန်တိုးလာမယ်

(4) ဥပဒေအရ တရားဝင်သာ ခွင့်ပြုလိုက်ရင် သူတို့တွေအနေနဲ့ ပြည့်တန်ဆာ အလုပ်ကို မလုပ်ကိုင်တော့ရင်လည်း တခြားဘက်မှာ အလုပ်အကိုင်
     အခွင့်အရေးတွေ ဖန်တီးပေးနိုင်တဲ့ အခြေအနေတစ်ခုကို ရောက်လာမယ်

(5) လူတစ်ယောက် ချင်းစီရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို လေးစားတဲ့ လူသားတွေရဲ့ ပကတိတန်ဖိုးကို အလေးထားတဲ့ နိုင်ငံ တစ်နိုင်ငံ အဖြစ်
       ရပ်တည်လာနိုင်မယ်။

ပြည့်တန်ဆာတစ်ယောက်က အခြားသော အမျိုးသမီးတွေကို ပြည့်တန်ဆာဖြစ်ရန် ဆွယ်သည်ဆိုသော အချက်

တစ်ခါက လူတစ်ယောက်က ပို့စ်တစ်ခု အောက်မှာ ကွန်းမန့် မန့်ဖူးတာ ကို သတိရမိတယ် ။ ပြည့်တန်ဆာတွေကိုသာ တရားဝင်အဖြစ် ရပ်တည်ခွင့် ပေးလိုက်ရင် ပြည့်တန်ဆာတွေ ပေါ်လာမယ်ဆိုတဲ့ မှတ်ချက်လေးပါ ။ ပြည့်တန်ဆာ တစ်ယောက်အဖြစ် တွန်းပို့ ခံရတယ်
ဆိုတဲ့ အခြေအနေဟာ ပြည့်တန်ဆာတွေအဖြစ် တရားဝင် အသိအမှတ်ပြုထားတဲ့ နိုင်ငံတွေမှာ တော်တော်လေးကို နည်းပါတယ်။ လူ
တစ်ဦးချင်းစီရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ ရွေးချယ်မှုတွေ ရှိပါတယ် ။ ပြည့်တန်ဆာ ဆိုတာကလည်း မိမိ ဘာလုပ်မယ်ဆိုတဲ့ အရာကို မိမိ ဘာသာ
ရွေးချယ်တာပါပဲ ။ ဥပမာ - မနီက ပြည့်တန်ဆာ တစ်ယောက်ဖြစ်တယ် သူမ သူငယ်ချင်း မဖြူကို ပြည့်တန်ဆာ ဖြစ်အောင် ဆွယ်တယ် ဆိုပါစို့
မဖြူက သာ သူမရဲ့ ရပ်တည်မှုကို ပြည့်တန်ဆာ အဖြစ် မရပ်တည်ဖူး ဆိုရင် မနီ အနေနဲ့ ဘာမှ လုပ်လို့ မရပါဘူး ။ ကျွန်တော်တို့ဟာ မိမိ လုပ်တဲ့
အလုပ်ကို တခြားသူတွေ လုပ်လာအောင် အတင်းအဓမ္မလုပ်ယူလို့ မရပါဘူး။

ပြည့်တန်ဆာတွေသာ တရားဝင်ရပ်တည်ခွင့်ရရင် ဘာတွေ ကြုံတွေ့နိုင်မှာလဲ

ဟိုတလောက ဆရာဝန်တစ်ယောက်က သရော်စာ ဆန်ဆန်လေး ပို့စ်တစ်ခု တင်တာကို မြင်ရပါတယ် ။ ပြည့်တန်ဆာတွေသာ တရားဝင် ရပ်တည်ခွင့်
ရဖို့ ဆိုရင် လုပ်ထုံးလုပ်နည်းတွေ ဆွဲရမယ် ရပ်ကွက်လူကြီးဆီက ထောက်ခံစာ.. စသည်ဖြင့် ရေးထားတာ မြင်ရပါတယ် ။ နိုင်ငံတကာမှာတော့ ပြည့်တန်ဆာ
လုပ်ငန်း လုပ်ကိုင်ခွင့်ဆိုတာကို (ခေါင်း)ပြောရမလား တွေကို ချထားပေးပါတယ် ။ သူတို့က သူတို့ လက်အောက်မှာ ဘယ်နှစ်ယောက် အလုပ်လုပ်တယ်
ဆိုတာကိုစာရင်းတင်ပေးရပါတယ် ။ မှားယွင်းလာရင် ခေါင်းမှာ တာဝန်ရှိပါတယ် ။ သူက ဥပဒေ အရ အရေးယူခြင်းကို ခံရပါတယ် ။ လိုင်စင်မဲ့ လုပ်နေတဲ့
ပြည့်တန်ဆာတွေလည်း  ပပျောက်မသွားရင်တောင် လျော့နည်းသွားနိုင်ပါတယ် ။ ဥပမာ ၀က်သက်ခွင့်လိုင်စင်လိုပါပဲ လိုင်စင်မရှိပဲ ခိုးပေါ်ရင် လိုင်စင်ရှိတဲ့လူက
ခိုးပေါ်တဲ့ လူကို တိုင်သလိုပါပဲပြည့်တန်ဆာ အဖြစ် လိုင်စင်မရှိပဲ လုပ်ကိုင်နေသူတွေကိုလည်း လိုင်စင်နဲ့ လုပ်ကိုင်နေတဲ့ သူတွေက ကန့်သတ်လာမှာပါ တရားစွဲလာမှာပါ။

နိဂုံးချုပ်

ပြည့်တန်ဆာဆိုတာ လူတွေပါပဲ ။ သူတို့ဟာ ဖြစ်တည်မှု အရ ရွေးချယ်မှု တစ်ခုကို ရွေးချယ်ခဲ့သူတွေပါ ။ သူတပါးအပေါ် ခေါင်းပုံဖြတ်နေသူတွေ ၊ အာဏာရှင်တွေ၊
လူသတ်ကောင် မုဒိန်းကောင်အစရှိတဲ့ ရာဇ၀တ်သားတွေထက် ပိုပီးတော့ ဖြူစင်ပါတယ် သန့်ရှင်းပါတယ် ဖြစ်တည်မှု အပေါ်မှာ ရိုးသားသူတွေပါ။ နိုင်ငံသားတွေ
ဖြစ်တဲ့အတွက် နိုင်ငံသားအခွင့်အရေးနဲ့ အညီ ဥပဒေရဲ့ စောင့်ရှောက်မှုကို ခံရသင့်ပါတယ် ။ ပြစ်ပယ်ခံထားရတဲ့ လူသားတွေရဲ့ နာကျင်ခြင်းဟာ လူသားဖြစ်တဲ့
ကျွန်တော်တို့က သူတို့က ရွံစရာသတ္တ၀ါတွေလို ဆက်ဆံ ခံနေရခြင်းတွေက နေ ပေါ်ထွက်လာနေပါတယ် ။ နွံမှာနစ်နေတဲ့ အမျိုးသမီးတွေကို ဖေးမကူညီကြပါ။
ပြည့်တန်ဆာဆိုတဲ့ လုပ်ငန်းဟာ မရှိလေ ကောင်းလေ ဖြစ်ပါတယ် ။ လူတွေဟာ လိင်ပိုင်းဆိုင်ရာအရ ငှားရမ်းခြင်းခံရတာကလည်း မကောင်းတဲ့ အချက်တစ်ခုဆိုတာ
လက်ခံပါတယ် သို့ပေမယ့် လက်ရှိအချိန်မှာ တားဆီးမရမယ့် အတူတူ သူတို့ကို ဖေးမကူညီပေးခြင်းဟာ အားလုံးအတွက် အသင့်တော်ဆုံး မဟုတ်ဘူးလားခင်ဗျာ။


မောင်မြတ်သူ