Monday, 25 November 2013

ငါမပြောဘူးလား...မိယမုံ..ငါနင့်ကိုမချစ်ခဲ့ပါဘူးလို့ ( ၃ )

ဝင်နေတဲ့အသံတွေပြန်ထွက်လာရုံပဲလား မိယမုံ



နောက်ဆုံးတော့ကိုယ့်မျက်နှာကအမာရွတ်တွေပြန်စမ်းရင်း

နောက်ဆုံးတော့ခရီးစဉ်လက်မှတ်တွေအကုန်စုတ်ဖြဲပစ်ရင်း

နောက်ဆုံးတော့ကိုယ့်လိပ်စာကိုယ်ပြန်မှတ်မိသွားရင်း

ကံတရားကိုရယ်သံစုံစုံလင်လင်နဲ့ဧည့်ခံနိုင်ခဲ့ပြီမဟုတ်လား



ပုံစံမျိုးစုံနဲ့ ငါတို့ နီးခဲ့

ပုံစံမျိုးစုံနဲ့ ငါတို့ ဝေးခဲ့

တစ်ယောက်အတွက် တစ်ယောက်မဟုတ်ဘူးဆိုတဲ့နေရာရောက်ရင်

ငါတို့ နှစ်ယောက်လုံးစကားလမ်းကြောင်းလွှဲခဲ့ကြတယ်



ရယ်ကြရအောင်…….ယမုံ…….ရယ်ကြရအောင်



တစ်ခုခုကိုအကြောင်းပြပြီးငါတို့ တွေဝေကြရအောင်

ဒါမှမဟုတ်ရင်ငါတို့ ဟာသကိုတခြားသူတွေရသွားကြလိမ့်မယ်



နင့်လက္ခဏာကိုတောင်ကိုင်မကြည့်ဘူးပဲ

နင့်အနာဂတ်ကိုပြောတော့နင်အံ့သြတယ်

ငါ့ကိုနားမလည်ဘူးဆိုတဲ့နင့်ကို

နားမလည်တာငါအံ့သြတယ်



လိုအပ်ချက်ဆိုတာ

ပြတ်သွားတဲ့ဖိနပ်မှာ

အကူအညီပေးထားတဲ့အပ်ချိတ်ပဲမလား

တိမ်တွေဘယ်လောက်စိုရွှဲခဲ့စိုရွှဲခဲ့

မိုးမရွာတာကမိုးမရွာတာပါပဲ

လက်သီးထဲပန်းပွင့်ဆုပ်ပြီးအထိုးခံလိုက်ရတယ်။



နင်က…………………….

ဒဏ်ရာရထားတဲ့လူရွှင်တော်တစ်ယောက်ကိုမေ့သွားတယ်

စိတ်နဲ့ထိန်းချုပ်လို့ ရတဲ့စက်ရုပ်တစ်ရုပ်ကိုမေ့သွားတယ်

ရုတ်ရုတ်သဲသဲအလွဲတွေနဲ့ညနေခင်းကိုပဲသတိရတယ်



ငါက………………………

ဖိတ်စာမပါဘဲဝင်လာတဲ့အိမ်တိုင်ရာရောက်စော်ကားခြင်းကိုမေ့သွားတယ်

သီးနှံတွေအကုန်ပုတ်သိုးသွားစေတဲ့ရာသီကပ်ဆိုးတစ်ခုကိုမေ့သွားတယ်

ဒဏ္ဍာရီဆန်ဆန်အရူးလုပ်ခံရခြင်းကိုကြည်နူးမှု့တစ်ခုလိုသတိရတယ်



ဒီလိုနဲ့…………………….

ဆုတောင်းခဲ့ဖူးတဲ့

ပြန်ဆုံမှာပါဆိုတဲ့နေ့မှာ

ပြန်ဆုံကြ

ရယ်မောကြ

စကားလုံးတွေနဲ့ကစားကြ



စိတ်ကူးတွေအရွယ်ရောက်ပဲစောလွန်းသွားတာလား။

လူမှု့ရေးဆိုတာငါတို့ သင်ရိုးမှာအသစ်တိုးသွားတဲ့ဘာသာ

နင်ကနင်မဟုတ်တော့သလို ငါကငါမဟုတ်တော့ဘူး



တယောက်အကြည့်ကိုတစ်ယောက်ဆီမှာထားခဲ့

ဒါနောက်ဆုံးပဲ…………………………………….

တက်တူးတွေကိုယ်စီနဲ့

ငါတို့ ဟာအားပြန်သွင်းလို့ မရတော့တဲ့ဓါတ်ခဲ

ငါ့ဆေးကိုနင်မလိုတော့သလို

နင့်မီးကိုလည်းငါမလိုတော့ဘူး။









*တယ်ရီ

6.4.2013

No comments:

Post a Comment