Sunday 22 March 2015

နိုင်ငံတော် ညှိုးရော်သေဆုံးခြင်း

နိုင်ငံတော်ဆိုတာ
ဒေဝေါလို သတ္တဝါကြီးပေါ့
ငါတို့ကို ခြောက်လှန့်တယ်
ငါတို့ကို နှိပ်စက်တယ်
ငါတို့ကို ဘဝတွေသတ်ပစ်တယ်။



နိုင်ငံတော်ဆိုတာ
လှည်းတန်းနဲ့ ဆူးလေသွား ဘတ်စ်ကား
ငါတို့စီးမှ ပိုက်ဆံရပေမယ့်
ဟိန်းလားဟောက်လား လုပ်တယ်။

နိုင်ငံတော်ဆိုတာ
စားစရာရှိသူက စားစရာမရှိသူကို
တစ်နပ်လျှော့စားခိုင်းတဲ့ ရေဒီယို
ငါတို့ရဲ့ ဗိုက်တွေဟာ
ရွံရှာစိတ်နဲ့ တကျုတ်ကျုတ်မြည်တယ်။

နိုင်ငံတော်ဆိုတာ
ရေ၊ မီး၊ သားသတ်၊ ခိုးသူ၊ သူတောင်းစား
ရေပျက်တယ်
မီးပျက်တယ်
အသတ်သတ်တယ်
ခိုးဝှက်တယ်
အတောင်းအရမ်းထူတယ်
ဒုက္ခသစ်ငါးပါးဟာ
ငါ့ကို ကဗျာရေးဖို့ တရားရစေတယ်။

နိုင်ငံတော်ဆိုတာ
စစ်သားက ဥပဒေပြုပီး
နိုင်ငံရေးသမားတွေ စာပေဟောနေတဲ့
ကရော်ကမယ် ဖြစ်စဉ်ကြီးပေါ့
ရန်ကုန်မြို့ကြီးဟာ စိတ္တဇဆေးရုံဆိုရင်
ကဗျာဆရာတွေက တောထွက်ရဟန်းပဲ။

နိုင်ငံတော်ဆိုတာ
ဈေးကွက်စီးပွားရေး ဖုတ်ကောင်
အိပ်ကပ်ဖောင်းသူတွေက
အိပ်ကပ်မရှိသူတွေကို
မျက်စောင်းတခဲခဲ ရန်ရှာကြတယ်။

နိုင်ငံတော်ဆိုတာကို သိပီးတဲ့နောက်
ငါတို့ရဲ့ မီးခြစ်တွေ မီးမတောက်တော့ဘူး
ငါတို့ရဲ့ ဖိနပ်တွေ လမ်းမရှိတော့ဘူး
ငါတို့ရဲ့ အိပ်မက်တွေ အနားမဲ့ကုန်တယ်။

နိုင်ငံတော်ဆိုတာကို တွေ့ပီးတဲ့နောက်
ငါတို့ရဲ့လယ်ကွင်းတွေ စပါးမဲ့ကုန်တယ်
ငါတို့ရဲ့ ပျိုမြစ်မှုတွေ ကမ်းကပ်ကုန်တယ်
ငါတို့ရဲ့ စဉ်းစားဥာဏ်တွေ မီးလောင်သွားတယ်။

နိုင်ငံတော်ဆိုတာကို လက်ခံလိုက်တဲ့အခါ
မိဘသဖွယ်အင်အားသုံးဖယ်ရှားတာကို ခံခဲ့ရ
စော်ကားမှုတွေ ပင်လုံးပွင့်တာ မြင်ခဲ့ရ
ကိုယ်ကျင့်တရားတွေ မြစ်လိုကောတာ သိခဲ့ရ
မလုံခြုံမှုတွေဟာ သည်းခံမှုတံခါးပေါက်ကနေ ဝင်လာခဲ့တာပေါ့။

နိုင်ငံတော်က ငါတို့ကိုနှိပ်စက်တဲ့အခါ
ကျိန်စာတွေကို သီချင်းလုပ်ပီးငါတို့ဆိုတယ်
ရရင်ရ မရရင်ချ
နှောင်ကြိုးမဲ့တေးသွားဟာ
တိုင်းပြည်ကို ဖုံးလွှမ်းလာရဲ့

ဟေ့...နိုင်ငံတော်
"မင်းမှာ ဘာသာတရားမရှိဘူး
ငါတို့မှာ ဘာသာတရားရှိတယ်"
"မင်းမှာ ယဉ်ကျေးမှုမရှိဘူး
ငါတို့မှာ ယဉ်ကျေးမှုရှိတယ်"
နှောင်ကြိုးမဲ့တပ်ဦးမှာ ဒီတရားသံတွေ
အလံနဲ့အတူ တည်လိမ့်မယ်။

ဟေ့ .. နိုင်ငံတော်
"မင်းက လွတ်လပ်မှုကို ဖိနှိပ်တယ်
ငါတို့က လွတ်လပ်မှုကိုပျိုးထောင်တယ်"
"မင်းက မျှတမှုကို ခြေဖျက်တယ်
ငါတို့က မျှတမှုကို ရှေ့တန်းတင်တယ်"
လူတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေကြ
ကမ္ဘာမြေပေါ် သန့်စင်ခြင်းတွေ ပြန်လည်ဆိုက်ရောက်လာတယ်။

သွေးစုပ်မှုဆိုတဲ့ ရေသောက်မြစ်ကို
ငါတို့တွေ ခုတ်ထွင်ဖယ်ရှားခဲ့ကြ
ရက်စက်မှုဆိုတဲ့ ပင်စည်ကို ငါတို့တွေ ဖြိုလှဲနေကြ
နိုင်ငံတော်ဟာ ဗုန်းဗုန်းလဲဖို့နီးစပ်လာခဲ့ပြီ။

အမျိုးသားကြီး လက်ပါးစေဟာ
နိုင်ငံတော်ကို မကယ်တင်နိုင်တော့
လူသားဟာ ဘယ်အရာဆိုတာ
တိုက်ပွဲနဲ့ ဖေါ်ဆောင်နိုင်ခဲ့ပြီ
အဓမ္မဟာ လွင့်စင်ထွက်ပြေးလို့
"နိုင်ငံတော်ကို ဆန့်ကျင်ကြ"
ကမ္ဘာအနှံ့ သွေးစည်းညီညွတ်နေကြတယ်။

နိုင်ငံတော် သေဆုံးတဲ့အခါ
စာသင်ကျောင်းတွေ လွတ်လပ်လာတယ်
နိုင်ငံတော် သေဆုံးတဲ့အခါ
ဘာသာရေးတွေ ဖိနှိပ်မှုကင်းသွားတယ်
နိုင်ငံတော် သေဆုံးတဲ့အခါ
လူအားလုံးဟာ အသိမှတ်ပြုခံအဖြစ်ကို ရရှိပီး
လိင် နဲ့ အသားအရောင် ခွဲခြားမှုတွေ ကျဆုံး
စစ်ပွဲတွေလည်း နိုင်ငံတော်နဲ့အတူ မြေမြုပ်သဂြိုလ်ခံလိုက်ရတယ်။

နိုင်ငံတော် ပြိုပျက်တဲ့အခါ
လက်နက်တွေကို အရည်ကြိုပီး
ဘာသာရေးအမှတ်အသားတွေ ထုလုပ်ခဲ့ကြတယ်။
အသန့်ရှင်းဆုံးအဝတ်တွေနဲ့ လူတွေဟာ
တစ်ယောက် စားစရာကို တစ်ယောက်မျှဝေလို့
အံသြစရာ လူသားဝါဒဟာ
ပန်းလိုမွှေးလာတယ်။


"နိုင်ငံတော် မရှိတော့ဘူး ..
နိုင်ငံတော် သေဆုံးခဲ့ပြီ .."
ငါတို့ရဲ့ မိခင်တွေ ဝမ်းမြောက်စွာကျူးရင့်ကြ
တော်လှန်ရေးအတွင်းက သားငယ်တွေနဲ့
ကြည်နူးစွာ ပြန်ဆုံစည်းကြ
ပင်လယ်လို ကျယ်ပြောပီး
တောင်တွေလို မြင့်မားတဲ့
ကဗျာတွေကို သီဆိုကြတယ်။

နိုင်ငံတော်တွေ မရှိတော့ဘူး
ကမ္ဘာကြီးဟာ နေအိမ်ပဲ
နိုင်ငံတော်တွေ မရှိတော့ဘူး
ငါတို့ရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ ချေဖျက်လို့မရ
နိုင်ငံတော်တွေ မရှိတော့ဘူး
နိုင်ငံတော်တွေ လွန်ခဲ့ပြီ
ဘိုးဘေးတွေရဲ့ ကောင်းမွေကို
မြေးမြစ်တွေ ခံစားကြ
သိမ်မွေ့လှတဲ့ ကမ္ဘာသစ်။



မောင်မြတ်သူ

No comments:

Post a Comment