Showing posts with label ရူးမိခဲ့သော. Show all posts
Showing posts with label ရူးမိခဲ့သော. Show all posts
Sunday, 22 March 2015
ဂျွန်လင်နွန် ထက်လူသိပိုများတဲ့ နွေရာသီ(မောင်ဖီလာ)
ကျွန်တော်ဟာ နေပူထဲ ဖိတ်ကျနေတဲ့ မေမေ့ရဲ့ အရိပ်ကလေးပေါ့
ကျောက်ဆောင်ကို ရိုက်ခွဲနေတဲ့ လှိုင်းလုံးတွေလို
ငါ့ကို ရိုက်ခွဲနေတဲ့ နေရောင်ခြည်
ငါ့သွေးထဲ ပြေးဝင်လာတဲ့ တောမီး
လျှပ်စီးလက်သလို
ငါ့ဆီမှာ ထစ်ခြုန်းပစ်လိုက်ချင်တဲ့ လမ်းမ
ခိုတွေကောက်နေတဲ့ ပဲစေ့မှာတောင်
တံလျှပ်ရဲ့ ကိုယ်ငွေ့တထောင်းထောင်းကို ကြားရတယ်
နေကြာပန်းခင်းကြီး တစ်ခုလုံး ခေါင်းငုံ့သွားအောင်
လူသိများတဲ့ နွေရာသီပါ
မာဆိုးနဲ့ တည့်တည့်
နေ့လည်ခင်းထဲ လင့်နေတဲ့ သေနတ်တစ်လက်
ပြီးတော့ ပွင့်ထွက်သွားတဲ့ ကမ်းခြေ
စိန်ခေါ်နေတဲ့ အသံထွက်နဲ့
ကမ္ဘာမြေပေါ် ခုန်ချနေတဲ့ သစ်ရွက်ကြွေ
ဘယ်စိတ်လေ စိတ်လွင့်ကိုမှ အရိပ်အာဝါသက ခူးမစားချင်ဘူး
ဆည်းလည်းသံကလေး ထိမှန်လိုက်မှ
ငြိမ်းအေးသွားမယ့် သတ္တဝါအတိုင်း
ဖုန်ထူသော လမ်းကလေး သွေးဆောင်ရာ
စမ်းချောင်းကလေးလို တသွင်သွင်လှမ်းခဲ့
ထုံးဖြူဖြူနဲ့ စေတီကလေးဆီ ..။ ။
မောင်ဖီလာ
အနီရောင်ဂြိုလ်သား(မောင်ဖီလာ)
ရေခဲမြစ်လို
သူကငါတို့ ကိုယ်တွေထဲမှာလမ်းလျှောက်ခဲ့တယ်
ငါတို့ နားရွက်တွေထဲမှာသူရှိခဲ့တယ်
ငါတို့ အသံတွေထဲမှာသူရှိခဲ့တယ်
ငါတို့ စကားလုံးတွေထဲမှာသူရှိခဲ့တယ်
ငါတို့ မေ့လျော့ခြင်းထဲမှာလည်းသူရှိနေခဲ့တယ်
အိုစမာဗင်လာဒင်ဟာခေါင်းကိုပစ်ချခံလိုက်ရတယ်
ခေါင်းထဲမှာဘာမှမရှိဘဲ
ခေါင်းကိုကျည်ဆံလာမှန်တာနဲ့ သေရောတဲ့
သူ့ ဒီအန်အေကိုသူ့ နောက်မှသေမယ့်ကဒါဖီဆီကနေရတယ်
တိမ်တိုက်ဆိုတာတစ်နေရာရာကိုသွားစရာရှိလို့ ရွေ့ လျားနေတာမဟုတ်
မောင်ဖီလာ
Monday, 25 November 2013
အချစ်ဟာပူအိုက်လွန်းသောရာသီ(မောင်ဖီလာ)
သူငယ်ချင်းဆီက
`မာဖီးယားကမ္ဘာ´ရောက်မလာသေးဘူး
တစ်ခုခုကိုအရသာဖြစ်ချင်တယ်
ဂတ်စ်မီးဖိုပေါ်က
ပြာလဲ့လဲ့မီးတောက်ကလေးကိုလည်းချွတ်ယူထားချင်တယ်
လမ်းလျှောက်နေတဲ့ပျိုးပင်ပေါက်ကလေးကိုလည်း
နေရောင်ခြည်အောက်ရောက်စေ့ချင်တယ်
နောက်ကျနေပြီ...
၁နာရီနောက်ကျနေပြီ
၂နာရီနောက်ကျနေပြီ
၂၄နာရီနောက်ကျနေပြီ
တစ်ဘ၀စာနောက်ကျနေပြီ.....။
အပြင်မှာနှင်းကျသံဟာကျယ်ကျယ်လောင်လောင်
အိပ်မရတာနဲ့ မအိပ်ချင်တာ
ရေးမရတာနဲ့ မရေးချင်တာ
ကဗျာဟာခန္ဓာထဲကငေါက်တောက်ပန်းထွက်လို့ 
လေမတိုက်ဘဲလှုပ်နေတဲ့စိတ်ကို
လင်းနေတဲ့`ည´ကလေးထဲထည့်ထားတယ်
`ရှင်မရှိရင်ကျွန်မအသက်မရှင်ချင်ဘူး´ဆိုတဲ့အသံကို
စာကြည့်စားပွဲပေါ်ထောင်ထားတယ်....။
မောင်ဖီလာ
ပိတောက်ပွင့်သစ်မဂ္ဂဇင်း၂၀၀၃
Sunday, 3 March 2013
လတ်ဆတ်သစ်သီးများ (မောင်ဖီလာ)
ငါ့မျက်လုံးထဲကြယ်တွေ အရင်လို အကူးအခတ်မလုပ်တော့
ငါ့အကြေးခွံကလဲ အရင်လို အရောင်တဖျတ်ဖျတ် မလက်တော့
အသက်အရွယ်အရ ငါဟာ လူငယ်
အတွေ့အကြုံအရ ငါဟာ အိုမင်းရင့်ရော်လာသူ
ငါ့အသံဟာ အရင်လို
ကျောက်ဆောင်ကို ထစ်ချုန်းဆောင့်ခွဲနိုင်ဦးမလား
ဟိုးတုန်းက ငါတို့ရဲ့ လွတ်လပ်ပေါ့ပါးသော ပျော်ရွှင်မှု
စက္ကူလေတံခွန်လေးလို အခုပြန်ပြီး ရစ်ယူချင်မိတယ်
ငါဟာ ဂျင်းဘောင်းဘီနဲ့
နားကွင်းတစ်ဖက်နဲ့
ဖိလစ်ပိုင်မကလေးလက်ကိုဆွဲလို့
မိုးရွာထဲ လမ်းမတွေပေါ် လျှောက်ပြေးခဲ့ကြတာ သတိရမိတယ်
အဲဒီတုန်းက သက်တံဟာ ငါတို့အရောင်နဲ့
အကြောက်အလန့်မရှိတာ ကြောက်စရာကောင်းမှန်း ငါတို့မသိခဲ့
ငါတို့ရိုးသားခဲ့ကြတာ ငါတို့မသိခဲ့
ငါတို့အတွေ့အကြုံဟာ ငါတို့ဥစ္စာဓနမှန်း ငါတို့မသိခဲ့
ငါတို့ဘွတ်ဖိနပ်တွေဟာ ပေါက်ပြဲလို့
ဒါပေမယ့် ပင်လယ်တစ်ခုလုံးရဲ့ အလှပဆုံးအစိတ်အပိုင်းဟာ
ကမ်းခြေလို့ ငါတို့သိခဲ့တယ်
ငါတို့ရယ်သံဟာ စကြ၀ဠာနံရံကိုသွားမှန်ပြီး
နွားနို့ပူပူတွေအဖြစ် စီးဆင်းလာကြတယ်
ညနေ(၆)နာရီ
ငါတို့ဟာ ဘတ်စ်မှတ်တိုင်မှာရပ်လို့
ဆည်းဆာဟာ ငါတို့ရဲ့အရွယ်ကိုငေးမောလို့  ။     ။
(Beauty Magazine – ၂၀၀၄)
(ကျီးကန်းနဲ့ ဘိုဟီးမီးယန်းများ – မောင်ဖီလာ၊ ကျော်မွှေးစာပေ၊ ၂၀၀၉။)