ကဗျာဆိုတာအာဏာရှင်မဆန်ပါဘူးတဲ့
သူငယ်ချင်းကဗျာဆရာတစ်ယောက်ကပြောဖူးတယ်။ဒါပေမယ့် ဒီကဗျာမှာတော့
လူငယ်တွေရဲ့စိတ်ဓာတ်ကို အာဏာရှင်ဆန်ဆန် ကြက်ခြေခတ်ခံခဲ့ရတာတွေကို
ခံပြင်းတဲ့စိတ်နဲ့ ကဗျာဆရာကပုံဖော်ပေးထားခဲ့ပါတယ်။ကဗျာဆိုတဲ့ဘောင်လေးထဲကနေ
အခုလို လွတ်
လပ်စွာ တုံ့ပြန်ခွင့်ရှိတယ်၊ပြောဆိုခွင့်ရှိတယ်ဆိုတာ
ကဗျာဆရာပေးချင်တဲ့ မက်ဆေ့ရှ်(message)လို့မြင်မိပါတယ်။ဒါဟာ ကဗျာကို
ချဉ်းကပ်ခြင်းသာလျှင်ဖြစ်ပါတယ်။ကောင်းသည်၊ဆိုးသည်
ဝေဖန်ခြင်းမဟုတ်ကြောင်းကိုတော့ သိစေချင်ပါတယ် ခင်ဗျာ။
ကဗျာကိုချဉ်းကပ်ခြင်းဖြစ်သည့်အလျောက် ကဗျာဆရာရဲ့စိတ်ခံစားချက် များကိုလည်းချဉ်းကပ်မိလျက်
သား ဖြစ်ကောင်းဖြစ်နေမှာပါ။ကျွန်တော့အနေနဲ့ ကဗျာကို အသေးစိတ်ခွဲခြမ်းစိတ်ဖြာ အဓိပ္ပာယ်လိုက်
ကောက်နေခြင်းမဟုတ်သည့်အတွက် ကဗျာဖတ်သူရဲ့ကိုယ်ခံအားကလည်းအထိုက်အလျောက်
တော့အရေးပါနေမှာပါ။
ဒီကဗျာမှာ ကဗျာဆရာဟာ ကဗျာကို လိုင်းအမာတွေနဲ့တည်ဆောက်ထားတယ်လို့ မြင်ပါတယ်။
ခေတ်အပေါ် သူပြောချင်နေတဲ့အချက်တွေကို အမေးဝါကျတွေနဲ့ ပြောထားတာတွေ့ရပါတယ်။ကဗျာကို
လိုင်းအမာတွေနဲ့တည်ဆောက်ထားတယ်ဆိုပေမယ့် Hypotheses(အနုမာနအယူအဆ/အဆိုကြမ်း)လို့ပြောလို့ရမယ့်
ခုန်လို့မရတဲ့
လိုင်းအသေတွေနဲ့တည်ဆောက်ထားသည်ကိုလည်းတွေ့ရပါတယ်။ဒီနေရာမှာ
တစ်ခုပြောချင်တာက(ကျွန်တော့်အမြင်ပါ)လိုင်းအသေအားပြုရေးတဲ့ကဗျာတွေနဲ့
လိုင်းအရှင်အားပြုရေးတဲ့ကဗျာတွေရဲ့ ကွာဟမှုကိုပါ။လိုင်းအရှင်
အားပြုထားတဲ့ကဗျာတွေမှာ
ဘာသာစကားအလုပ်လုပ်ပုံ ဘယ်လိုမျိုးအလုပ်လုပ်နေသလဲ အဲဒီဘာသာစကားကနေ
အဓိပ္ပာယ်တွေဖွာထွက်လာမှု စတဲ့ ဘာသာစကားကိုအရမ်းအားပြုနေရတဲ့အတွက်
ကဗျာရဲ့ဆိုလိုရင်းတွေဝေဝါးလာပါတယ်။တနည်းအားဖြင့် ဗဟိုချက်
တွေပါမဲ့လာခဲ့ပါတယ်။လိုင်းအသေနဲ့ကဗျာတွေမှာတော့ ဆိုလိုရင်းကို ထိထိမိမိလေး ပြသွားနိုင်တာတွေ့ရပါ့
မယ်။ကဲ ကဗျာလေးကိုစပြီး ခံစားကြည့်ရအောင်ဗျာ…….
(နေထွက်ပြီး နေ၀င်သွားတဲ့ မြစ်ကမ်းဘေးမှာ ငါ့ကိုယ်ငါချရပ်လိုက်တယ်။)
ကဗျာဆရာဟာ
မြစ်ကမ်းဘေးတစ်ခုမှာ ရပ်နေတယ်ဆိုတဲ့အကြောင်းကို နိမိတ်ပုံပါးပါးလေးနဲ့
ကဗျာကို လှလှလေးအင်ထရိုဝင်လိုက်ပါတယ်။ကဗျာဆရာဟာ မြစ်ကမ်းဘေးမှာ
ရပ်နေပါပြီ။ ဒါဟာ သူပြောချင်တာတွေကိုဆက်ပြောဖို့ မြစ်ကမ်းနံဘေးနောက်ခံနဲ့
ကဗျာဆန်ဆန် ဆက်တင်ချလိုက်တာလို့
ဆိုနိုင်ပါလိမ့်မယ်။ကဗျာဆရာဟာသူပြောချင်နေတာတွေ၊
ခေတ်အပေါ်မကျေနပ်ချက်တွေ၊ခံပြင်းနေတာတွေကို အမေးဝါကျတွေနဲ့စပြောပါတော့တယ်။
(ဒီနေ့နဲ့မနက်ဖြန်မှာ ကိုယ်တိုင်စာတတ်ပြီး ဘာလို့စာမတတ်မှုဖြစ်နေတာလဲ။
ကိုယ်တိုင်သိမ်မွေ့သလိုလိုနဲ့ဘာလို့ရိုင်းစိုင်းသွားတာလဲ။)
အဲဒီလိုင်းနှစ်လိုင်းဟာရိုးရိုးရှင်းရှင်းလေးတွေပါ။ကဗျာဖတ်သူအနေနဲ့လည်း
အများကြီးကိုဖြန့်တွေးပြစ်လိုက်လို့ရပါတယ်။အမေးဝါကျဆန်ဆန်နဲ့ ခေတ်ရဲ့အနေအထားကိုတွေးခိုင်းလိုက်တာလို့ထင်ပါတယ်။တဖက်ကကြည့်
မယ်ဆိုရင်လည်း ဒါဟာကဗျာဆရာရဲ့ ခေတ်အပေါ်မကျေနပ်တဲ့ လေသံတွေပါပဲ။
( ဟော.....
တတိယနိုင်ငံရေးသမားတဲ့ ခပ်ရိုင်းရိုင်းနှုတ်ဆက်လိုက်တယ်။
မင်္ဂလာပါလူကြီးမင်းခင်ဗျာ...)
‘ဟော….’ဆိုတဲ့အောက်က ပထမလိုင်းမှာ ခပ်ရိုင်းရိုင်းနှုတ်ဆက်လိုက်တယ်လို့ဆိုထားပေမယ့်
ဒုတိယ
လိုင်းမှာတော့ ‘မင်္ဂလာပါ လူကြီးမင်းခင်ဗျာ’ ဆိုတဲ့
ယဉ်ကျေးတဲ့စကားကိုဆန့်ကျင်ဘက် လိုင်းနဲ့
တွဲသုံးသွားပါတယ်။ဒါဟာကဗျာသမားတွေမှာရှိနေတက်တဲ့ ရွဲ့တက်တဲ့ စိတ်အခြေအနေကို
ပြသွားတာပါ။နိုင်ငံရေးသမားတွေကို
တကယ်ရောနိုင်ငံရေးသမားစစ်ကြရဲ့လားလို့ခပ်ထေ့ထေ့မေးခွန်းတွေထုတ်ပြီး
ကဗျာဖတ်သူတွေကိုပါ ဒါတွေဟာ တကယ်လိုအပ်ပါသလားလို့ရိုးရှင်းထိမိတဲ့
ဝါကျလိုင်းတွေနဲ့အသိပေးသွားခဲ့ပါတယ်။
(ကိုယ်ထူကိုယ်ထအိပ်မက်တွေကို အာခေါင်ခြစ်အော်ဖူးပါသလား။
ပညာတတ်ဆန်ဆန်လာဘ်စားမှုကို ခွဲခြားတတ်ပြီလားး။
အမြင်မတူတာနဲ့တွေ့ရင် အတ္ထုပ္ပတ္တိစ/ဆုံး လုံးစေ့ပတ်စေ့လေ့လာဖူးပြီလား။
မာတင်လူသာကင်း ရဲ့ စာတိုပေစတွေ ဖတ်ဖူးပြီလားးး။
ကိုယ်သေတဲ့အခါ ကိုယ့်သမိုင်းကောင်းဖို့ဆိုးဖို့ မျှော်ကြည့်ဖူးပါသလား။
နိုင်ငံရေးမေးခွန်းအချို့ကို ဆိုလိုရင်းခွဲခြားတတ်ပြီလား။
စစ်ပွဲကြားက အားငယ်မှုတွေရဲ့ ရည်ရွယ်ချက်ကို လေ့လာဖူးပြီလား.....။)
(ဖော်ညွှန်းပြီး ဆက်မပြောတော့ဘူး။)
နိုင်ငံရေးသမားလို့ဆိုသူတွေနဲ့ကျွန်တော်တို့ ခင်ဗျားတို့တွေအတွက်ရော ဒီလိုအသိတွေ၊အမြင်တွေ တကယ်လိုအပ်ပါသလား၊မလိုအပ်ဖူးလား
ဆိုတာကိုတော့ ကဗျာဆရာက (ဖော်ညွှန်းပြီး ဆက်မပြောတော့ဘူး။)တဲ့။ကဗျာဖတ်သူကိုလည်း အခုလိုအဖွင့်လိုင်းလေးနဲ့ ထွက်ပေါက်ပြန်ပေးထားပါတယ်။
ကဗျာတစ်ပုဒ်မှာ ထွက်ပေါက်လေးပေးပြီဆိုရင် အဲဒီရဲ့နောက်မှာ အဲဒီကဗျာရဲ့ အသက်ဓာတ်ဖြစ်တဲ့ အချင်းအရာတွေဟာ ကပ်ပါလာတက်ပါတယ်။
(မျိုးဆက်တစ်ခုကို ယုံကြည်ရင် မျိုးဆက်တစ်ခုလိုယဉ်ကျေးဖို့လိုလိမ့်မယ်။
အချိန်ကာလကို ခြုံငုံပြီး ခိုင်မာမှုကို မွေးထုတ်မပေးနိုင်တဲ့အထဲမှာ
ငါ့ကိုလူအဖြစ်ထုဆစ်ထားတဲ့ နိုင်ငံလည်းပါတယ်လို့ ငါပြောတယ်။)
ဒါဟာ ကဗျာဆရာက ကဗျာဆိုတဲ့ဘောင်ထဲကနေ ကျွန်တော်တို့တွေ
ဆုံးရှုံးခဲ့ရ၊ခံစားခဲ့ရ၊နာကျည်းခံပြင်းခဲ့ရတဲ့အခွင့်အရေးတွေကို
ကဗျာရဲ့လွတ်လပ်တဲ့စည်းထဲကနေ သတိပေး တောင်းဆိုလိုက်တာပါ။ဒီကဗျာရဲ့
အသက်အဝင်ဆုံးလိုင်းတွေပါပဲ။ဒီနေရာလေးကို သုံးခေါက်လောက်တော့
ဖတ်ကြည့်စေချင်ပါတယ်။
အဲဒီနောက်မှာတော့ ကဗျာဆရာဟာ သူအပါအဝင်
ခေတ်ကြီးရဲ့ကျဆင်းနေတဲ့ ခုခံအားတွေကို အကျလိုင်းတွေနဲ့
ဆက်ပြီးပုံဖော်ပါတယ်။ဒါကလည်း Ending ကိုသွားဖို့၊ကဗျာကို အဆုံးသတ်ဖို့
ဖြည်ချလိုက်ဖျော့ချပေးလိုက်တာလို့မြင်ပါတယ်။
(ခေတ်ဆိုတာကြီးကိုကြည့်ပြီး မေတ္တာတရားတွေလဲ မှေးမှိန်ကုန်ပြီ။
အရောင်တွေထဲက မေးခွန်းအချို့ကို အနုပညာအဖြစ် မဖန်တီးနိုင်သေးဘူး။
21ရာစုနာရီသံဟာ နိုက်ကလပ်ကတေးသံကိုစည်းချက်လိုက်နေတယ်။
ကျော်ကြားမှုကို မ၀တ်ဆင်ဖို့ ကမ္ဘာကြီးက ငါ့ကိုအမဲလိုက်နေပြီ။)
ကဗျာဆရာဟာ
နောက်ဆုံးမှာ အမေးဝါကျတွေကို
မသုံးတော့ပါဘူး။သူအလိုမကျတဲ့ခေတ်ဆိုတာကြီးကို မှော်သားကပ်နေတဲ့
အထက်ကလိုင်းလေးခုနဲ့ ကဗျာဓာတ်မိမိရရကိုပြသွားခဲ့ပါတယ်။ကိုယ့်စိတ်ဓာတ်ကိုယ်
ပြုပြင်ဖို့ကိုတောင်အခွင့်အရေး မပေးချင်တဲ့ လူတွေ ကို တနည်းအားဖြင့်
အာဏာရှင်ဆန်မှုတွေကို
(ဒီလိုနဲ့ ကိုယ့်စိတ်ဓါတ်ကိုယ် ငုံ့အသွေးမှာ အားလုံးကငါ့ကိုကြက်ခြေခတ်ပြစ်လိုက်တယ်။)
ဆိုပြီး မချိတင်ကဲလေသံ မျိုးနဲ့ ကဗျာကို အဆုံးသတ်သွားခဲ့ပါတယ်။
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့စိတ်
/နှလုံးသားမှာလာထိရှတဲ့ကဗျာတစ်ပုဒ်ကိုဖတ်ပြီးတဲ့အခါတိုင်းမှာ
ကျွန်တော့်မျက်စိကို
မှိတ်လိုက်ပါတယ်။ပြီးရင်တော့ အဲဒီကဗျာဆရာရဲ့စိတ်/နှလုံးသားဆီ
ရောက်အောင်အတွေးတွေနဲ့ကူးခတ်တော့တာပါပဲ။အဲဒီအတွက်လည်း ကဗျာဆရာဟာ နေထွက်ပြီး
နေဝင်သွားတဲ့ မြစ်ကမ်းဘေးမှာ ကျွန်တော့်ကို ရပ်စောင့်နေဦးမှာပါလို့
ယုံကြည်နေမိတယ်။ ။
မှတ်ချက်။ ။ကျွန်တော့်၏ ခံစားမှုသက်သက်သာဖြစ်ပါကြောင်း။ကောင်းကောင်းဆိုးဆိုး
ကျွန်တော်၏တာဝန်သာဖြစ်ပါသည်။
လေးစားစွာဖြင့်…..
ရဲရင့်လမင်း
No comments:
Post a Comment