ကျောင်းသားဆိုတာ သီးသန့်ဖြစ်တည်သော အလွှာလား?
ယနေ့ခေတ် ကျောင်းသားသမဂ္ဂများ တရားဝင်လုနီးပါး ဖွဲ့စည်းကြ၊
အလုပ်လုပ်ကြတဲ့အချိန်မှာ အရင်တုန်းက မေ့လျော့နေတဲ့ အသံဟောင်းတွေ
ပြန်ဆူလာတယ်။ အဲ့ဒီအထဲမှာ အဆူဆုံးအသံ ကတော့
“ကျောင်းသားဟာ
ကျောင်းသား အလုပ်သက်သက်ကိုပဲ လုပ်ဖို့၊ ကျောင်းသားဟာ နိုင်ငံရေးမှာမပါဖို့
၊အရင်အဟောင်းကို အတိတ်မှာထားခဲ့(၀ါ)သမိုင်းမှာ ထားခဲ့”
ဆိုတဲ့ အသံပါပဲ။
ဒီနေရာမှာ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလ ခံယူချက်/သဘောထားအမြင်ကို ကျွန်တော်
အနည်းငယ်ပြောလိုတာက ဒါဟာ ကျောင်းသားများကို ဆရာလုပ်ခြင်းလည်း မဟုတ်သလို
စွတ်ဖက်လိုခြင်းလည်း မဟုတ်ဘူးဆိုတာ နဲ့ ကျောင်းသားသမဂ္ဂ၀င်တစ်ယောက်
မဖြစ်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ၀င်တစ်ယောက် ဖြစ်ချင်လွန်းခဲ့တဲ့ လူငယ်တစ်ယောက်
ဟာ ရွှေရောင်တောက်ပနေတဲ့ လက်ရှိမျိုးဆက်အပေါ် အားကျခြင်းနဲ့ အားကိုးလိုခြင်း
သက်သက်သာဖြစ်ကြောင်း .............
၁။ကျောင်းသားဟာ သီးခြားအလွှာ ဖြစ်မဖြစ်
ကျောင်းသားဟာ သီးခြားအလွှာဖြစ်လား မဖြစ်ဖူးလား ဆိုတာ ကျောင်းသားသမဂ္ဂ ရဲ့
ဖြစ်တည်မှု သမိုင်းမှာ အထင်အရှား ဖေါ်ပြပြီးဖြစ်တယ်။ (သမိုင်းအကြောင်းပြောလွန်းတဲ့သူတွေ
သမိုင်းထဲမှာနေခဲ့ဆိုတဲ့ ကပ်သီးကပ်ဖဲ့သမားအချို့ကိုပြောလိုတာက
သမိုင်းဆိုသည်မှာ အရှိတရား ဖြစ်ကြောင်း၊ အရာဝတ္ထုတိုင်းရဲ့
မှန်ကန်သောတည်ရှိမှုကို ဖျက်ဆီးလိုသူတွေဟာ သမိုင်းတုသင်ခြင်း၊
သမိုင်းမှားပြုခြင်းတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့တယ်။ ဒါဟာလည်း
ဦးနေ၀င်းခေတ်ကနေ ယနေ့ခေတ်ထိ ကျွန်တော်တို့ သင်ခဲ့ရတဲ့/သိခဲ့ရတဲ့ အရာတွေဟာ
ဘာတွေလည်း ဆိုတာ ပြန်စဉ်းစားကြည့်ရင် ပေါ်လာမှာပါ။)
ကျွန်တော်မူရင်းပြောလိုတဲ့ အချက်ကို ပြန်သွားပါမယ်။ ကျောင်းသားဟာ
ကျောင်းသားအရေးပဲ လုပ်ရမယ်ဆိုတဲ့ ဒီခေတ် နိုင်ငံရေးအကျော်ဒေးယျ
ဆရာသမားများရဲ့ သွပ်သွင်းချက်တွေဟာ ဟုတ်သယောင်တော့ ရှိပါတယ်။ ကျောင်းသားဟာ
နိုင်ငံရေးလုပ်ရင် ငါတို့လို ခံရမယ်ဆိုတဲ့ စေတနာလိုလို စကားတွေနဲ့ သူတို့ဟာ
ဒီစကားကို ပြောလာကြတာပါ။ သူတို့ပြောတဲ့ ကျောင်းသားရဲ့ ကျောင်းသားအရေး
ဆိုတာ ဘာလဲ? ဒီမေးခွန်းရဲ့ နောက်ကွယ်က အချက်တွေက ဘာတွေလဲ? ကျွန်တော်တို့
စဉ်းစား သင့်ပါပြီ။
သူတို့ပြောတဲ့ ကျောင်းသားရဲ့ ကျောင်းသားအရေးဆိုတာမှာ ကျောင်းဖယ်ရီခလောက်၊
ကျောင်းမဂ္ဂဇင်း ထုတ်ရုံလောက်၊ အသင်းအပင်းဖွဲ့စည်းခွင့်လောက်သာ အမြင်ဆုံး
ဖြစ်ပြီး ဒီမိုကရေစီပညာရေး (၀ါ) လူတိုင်းတန်းတူ ညီမျှစွာ
ပညာသင်ကြားနိုင်ခွင့်+မိမိနှစ်သက်ရာကို အပူအပင်ကင်း စွာ လေ့လာနိုင်ခွင့်
တွေကို နောက်ကို ပို့ထားခဲ့ပါတယ်။ လက်ရှိ ကျောင်းသားသမဂ္ဂရဲ့ဦးစီးဦးဆောင်
တွေနဲ့ နောင်မှာ ခေါင်းဆောင်ဖြစ်လာမယ့်
ကျောင်းသား မျိုးဆက်တွေကို
ဒီမိုကရေစီ ပညာရေးဆိုတာကို မသိအောင် တစ်ဖက်လှည့်နဲ့ ကျောသပ်ရင်သပ်
လုပ်ထားတဲ့ သဘောပါပဲ။ လူတိုင်းတန်းတူညီမျှစွာပညာသင်ကြားခွင့်မရှိတဲ့
နိုင်ငံမှာ ဒီမိုကရေစီပညာရေး ဖြစ်ပေါ်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ သုညပါပဲ။
သုညကနေ တစ်ဖြစ်အောင် ဖြည်းဖြည်းခြင်းလုပ်ယူမယ်ဆိုတဲ့
စကားကိုပြောလို့ရပါတယ်။ နိုင်ငံရေးအလာဂျစ်အမြင်နဲ့သာ ဒီစကားကို
ပြောမယ်ဆိုရင်တော့ အသွင်သဏ္ဍန်သာရြှိ့ပီး အနှစ်သာရကင်းမဲ့တဲ့
အခြေအနေတစ်ခုကိုသာ ရရှိပါလိမ့်မယ်။ ကျောင်းသားရဲ့ ကျောင်းသားအရေးဆိုတာ
ဒီမိုကရေစီ(၀ါ)လူသားတန်ဖိုးစံ တွေကို လူတိုင်းရရှိမှ ဖြစ်လာပါလိမ့်မယ်။
တိုင်းပြည်ရဲ့ စီးပွားရေးခြွှတ်ခြုံကြမှုတွေ၊ မှားယွင်းတဲ့ စနစ်ရှင်သန်မှုတွေ
နဲ့ လူသားတန်ဖိုးစံကို ငြင်းပယ်မှုများ ရှိနေသရွေ့ ဒီမိုကရေစီပညာရေးဆိုတဲ့
အသံဟာ အသံသက်သက်သက်၊ ပုံသဏ္ဍန်ဟာ သဏ္ဍန်သက်သက်သာ ရှိနေမှာ ဖြစ်ပါတယ်။
ကျောင်းသားနဲ့နိုင်ငံရေးဟာ ခွဲလို့မရဆိုတာကို အထက်ပါ အချက်အလက်တွေလောက်နဲ့
သိပြီး ဖြစ်ပါလိမ့်မယ်။ ဒါဟာ အကျိုးဆက်တစ်ခုမှာ ဖြစ်ပေါ်လာမယ့်
အကြောင်းအချက် အနည်းငယ်ပဲ ရှိပါသေးတယ်။ ကျောင်းသားဟာ နိုင်ငံရေးလုပ်ဆိုတဲ့
အတင်းတွန်းသွင်းတဲ့ အယူအဆပိုင်းတော့ မဟုတ်ပါ။ ကျောင်းသားနဲ့နိုင်ငံရေးဟာ
ခွဲလို့မရဘူးဆိုတာ ကျောင်းသား ဘက်က အမြင်မျိုးနဲ့ မြင်ပြရုံသက်သက်ပါ။
နိုင်ငံရေးစနစ်တစ်ခုဟာ ပျက်စီးနေသရွေ့ အားလုံးနဲ့ တိုက်ရိုက်ပါတ်သက်ပါတယ်။
ငါနဲ့တော့ မဆိုင်လောက်ဘူးလို့ ထင်လို့မရပါဘူး။ အားလုံးဟာ တစ်ခုနဲ့ တစ်ခု အသွင်မတူညီဟု ထင်ရသော်ငြား အမှီသဟဲပြု ဆက်စပ်ခြင်းကတော့ မပြတ်တည်ရှိပါတယ်။
ပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ သမိုင်းဆိုတာလည်း ကိုယ်နဲ့မတူတိုင်း
ထားခဲ့လို့ ပြောလို့ရလောက်အောင် ပေါက်လွတ်ပဲစားမဆန်ခဲ့ပါဘူး အသက်တွေ
သွေးတွေ ဘ၀တွေ ရင်းခဲ့ရတဲ့ အရာတစ်ခုပါ။
လက်ရှိမှာ ကျွန်တော့် စိတ်ထဲမှာ ညီအကိုသဖွယ်သဘောထားတဲ့
ကျောင်းသားသမဂ္ဂ ၀င်တိုင်းကို တိုက်တွန်းလိုတာ က ကျောင်းသားသမဂ္ဂများ
အင်အားတောင့်တင်းဖို့အဓိကကို ဦးတည်ကာ ကျောင်းသားဆရာ တစ်သားတည်း ဖြစ်ရေး၊
ကျောင်းသားထု သွေးစည်း ညီညွတ်
ရေးကိုရှေ့တန်းတင်ပြီး
ဒီမိုကရေစီရေး ကိုလည်း မေ့လျော့မထားဖို့ပါပဲ။ ဒါဟာ ဆန္ဒပြခိုင်းခြင်း၊
လမ်းပေါ်ထွက် အသက်စွန့်ခိုင်းခြင်း မဟုတ်ပါ။ အမှန်တရားဆိုတာကို
မြင်စေလိုခြင်းပါ။
ကျောင်းသားသမဂ္ဂဟာ လူထုကို အမြဲဦးဆေင်ခဲ့တဲ့ တော်လှန်ရေးတပ်ဦးပါပဲ။
ဒီသမိုင်းကို ပေါ့သေးသေးဟု မယူဆပဲ မိမိတို့ရဲ့ အခြေအနေအစစ်ကို လက်ခံဖို့နဲ့
စောင့်ထိန်းစေချင်ကြောင်း စေတနာပြုလျက်....။
မြတ်သူ
No comments:
Post a Comment