Friday, 28 August 2015
ငါ့မျက်လုံးတွေက ငါ့အိပ်ရာကို ၃၆ကားနဲ့သယ်သွားတယ်
ဆေးခြောက်လည်းမရှုဖြစ်၊ ရည်းစားလည်းမထားဖြစ် ၊ ဘုရားလည်းမသွားဖြစ်၊
ဘတ်စကားစပယ်ယာနဲ့လည်းစကားမများဖြစ်၊ စစ်သတင်းတွေတွေ့ရင် ကျော်ဖတ်၊
အိမ်ပြန်ချိန်သီချင်းကို ကျော်ဖြတ်၊ ထူးထူးဆန်းဆန်းနည်းတွေနဲ့ မထူးမဆန်းကဗျာတွေကိုရေး
ဒါတောင် ငါတရေးမှ မအိပ်ဖြစ်ခဲ့ဖူး။ ငါတရေးမှမအိပ်ဖြစ်ခဲ့တာ သုံးဆယ့်ခြောက်နာရီ သုံးဆယ့်ခြောက်မိနစ်နဲ့
သုံးဆယ့်ခြောက်စက္ကန့်တိတိ။ ငါမအိပ်နိုင်တော့လည်း သုံးဆယ့်ခြောက်ဘားစာ စကေးအပြည့်ပါတဲ့ ကဗျာကိုရေးပြီး
အိပ်ပျော်ဖို့ရာ သုံးဆယ့်ခုနှစ်မင်းထဲက သုံးဆယ့်ခြောက်ယောက်မြောက်နတ်ကိုပဲ ပူဇော်ပသမိနေပြီ။
ဒီကိစ္စတွေအကုန်လုံး ငါ့ရည်းစားဦးလေး (ငါက ရည်းစားအဖြစ်သတ်မှတ်) နောက်ဘဲတယောက်နဲ့ ဖေါက်ပြားဖို့ကြိုးစားတာကို
သိလိုက်တဲ့အချိန်ကနေရေရင် သုံးဆယ့်ခြောက်လတိတိ ပြည့်တဲ့နေ့မှာ စဖြစ်တာ။
Fuck U … Fuck U … Fuck U ဒီလို ငါ သုံးဆယ့်ခြောက်ခါတိတိရွတ်လိုက်တယ်။
ငါ့ရဲ့ သုံးဆယ့်ခြောက်ယောက်လောက်ရှိတဲ့ သူငယ်ချင်းတွေလည်း တစ်ယောက်မှ စောက်သုံးမကျဘူး။
တကယ်ဆိုရင် ငါ့မျက်ရည်တွေ လုံးကြီးပေါက်လှကျနေတာ ဒင်းတို့ သိသင့်တယ်။
အိပ်မရတာ ငိုစရာမဟုတ်ဘူး ပြီးတော့ ကိုယ့်ကိစ္စနဲ့ကိုယ်ငိုတာ သူတို့စောက်လုပ်မဟုတ်ဘူးလို့ သတ်မှတ်ကြပုံဘဲ။
ငါလည်း သူတို့စောက်လုပ်တွေကို ငါ့အိပ်ရာအောက်ပဲ ထိုးထည့်ထားလိုက်တယ်။
ဟော…
ငါသည်းကြီးမည်းကြီး ငိုလိုက်တော့ မြစ်တခွင်လုံးပြည့်ပြီး မြစ်ရေတွေတိုးသွားတယ်။
စိတ်ညစ်တယ်လို့ပြောလိုက်မိရုံနဲ့ နေမပွင့်တော့ဘူး။ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်လို့
ကိုယ့်မျက်လုံးနဲ့ကိုယ် မအိပ်ပဲနေနေတာတောင် မျက်နှာကျက်ပေါ်ထွေးလိုက်တဲ့ တံထွေးတွေ ငါ့မျက်နှာပေါ်ကိုပဲ ပြန်ကျ။
တလောကလုံးက ငါ့ကို သုံးဆယ့်ခြောက်နာရီစာအမုန်းတရားတွေနဲ့ တံထွေးထွေးပြီး ဂုဏ်ပြုချင်နေကြတာလား။
ဖြစ်သမျှဟာ စောက်ဆန်းကြီး။ အကုန်လုံးက အလွမ်းဇာတ်ခင်းတာကိုမှ ရှော့ရချင်ကြတယ်။
ငါက စောက်သုံးမကျလွမ်းပြီး အိပ်မရဖြစ်နေတာမဟုတ်ဘူး။ မိန်းမတွေရဲ့ အပျိုရည်ကို တပ်မက်နေတဲ့ လိင်စိတ္တဇကောင်တွေလို
ပွန်းတွေထိုင်ရှာပြီးလည်း အိပ်မရဖြစ်နေတာမဟုတ်ဘူး။ စောက်ဖြဲကြီးမဖြစ်ရလို့ စောက်ပြဲကြီးဖြစ်ပြီး
အိပ်မရဖြစ်နေတာလည်း မဟုတ်ဘူး။ ငါ့နာမည်ခေါ်ခေါ်သွားတာကို မကြားရတော့ဘူး။
ဖွင့်နေတဲ့ သီချင်းသံတွေကလည်း အသုဘအခမ်းအနားကို ပုံဖေါ်နေလို့။
ငါအိပ်လိုက်ရင် ကမ္ဘာကြီးက သုံးဆယ့်ခြောက်ပတ် တိတိလည်ပြီး ရပ်သွားမှာကိုတော့ ငါကြောက်တယ်။
သုံးဆယ့်ခြောက်ဂဏန်းက တော်တော်ကြမ်းတာပဲ။ သုံးရာ့ခြောက်ဆယ့်ငါးရက်ပြည့်ရင်ကော အိပ်ပြန်ရောက်မှာလား။
ဆေးလိပ်တွေရေလိုက်တော့ သုံးဆယ့်ခြောက်လိပ်။ ငါအိပ်မရတာလည်း သုံးဆယ့်ခြောက်နာရီတဲ့။
ဒီကဗျာကို ဖတ်ပြီးရင် သုံးဆယ့်ခြောက်ယောက်တိတိ ဝေလိုက်။
မောင်မြတ်သူ
Wednesday, 1 April 2015
မျက်စိနဲ့အနီးဆုံး သစ်ရွက်ဟာ အစိမ်းဆုံးသစ်ရွက်
ချောင်းဆိုးတာလား အသိပေးတာလား
မကွဲဘူး
မမြင်ရတဲ့အရာတွေနဲ့လိမ်ရတာ ပိုယုံတယ်
အဲ့ဒီလူဟာ စိတ္တဇဟာ ဆန်တယ်
ရီလိုက်တာလား ခနဲ့တာလား နောက်
တော်တော်ကြာမှစဉ်းစားမိမယ်
ဘာကိုမှမမှန်ဘူးဆိုတာ အမှန်တရားကို မှန်တာ
သွားဟာ သွေးတစက်စက် ခေတ်အဆက်ဆက်
ရန်ညှိုးတွေကြွေပါစေ ဝဋ်ကြွေးတွေကြွေပါစေ
ခူးဆွတ်သူမရှိတဲ့သစ်သီးတွေလို
ဆုတောင်းသံတွေဆွဲတက်နေတဲ့မိန်းမတွေ
ခုတ်ချလိုက်တဲ့ခေါင်းဟာ
ပြတ်နေတဲ့လက်ဘေးကိုသွားကျတယ်
ကလေးတွေ
ဆော့ကစားနေတဲ့ကလေးတွေ
အပူပင်မဲ့ဆော့ကစားနေတဲ့ကလေးတွေ
အရှိန်နဲ့ဆင်းလာတဲ့အလင်းတန်းပေါ်မော့ကြည့်နေကြ
ဘုရားသခင်ပေးတဲ့ကစားစရာအသစ်လား
ရပ်ကွက်တစ်ခုလုံး သိမ့်ခနဲ မှုန့်သွား
လူတစ်ယောက်မေးတယ်
''ကလေးတွေဘယ်ရောက်သွားလဲ. . .''
လူအားလုံးဖြေတယ်
''ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး''
''ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး''
''ဒရုန်းတိုက်ခိုက်မှုကြောင့်အကြမ်းဖက်သမားသုံးဦးသေဆုံး''
တယ်ရီ
Sunday, 22 March 2015
ဂျွန်လင်နွန် ထက်လူသိပိုများတဲ့ နွေရာသီ(မောင်ဖီလာ)
ငါ့ကို ရိုက်ခွဲနေတဲ့ နေရောင်ခြည်
ငါ့သွေးထဲ ပြေးဝင်လာတဲ့ တောမီး
လျှပ်စီးလက်သလို
ငါ့ဆီမှာ ထစ်ခြုန်းပစ်လိုက်ချင်တဲ့ လမ်းမ
ခိုတွေကောက်နေတဲ့ ပဲစေ့မှာတောင်
တံလျှပ်ရဲ့ ကိုယ်ငွေ့တထောင်းထောင်းကို ကြားရတယ်
နေကြာပန်းခင်းကြီး တစ်ခုလုံး ခေါင်းငုံ့သွားအောင်
လူသိများတဲ့ နွေရာသီပါ
မာဆိုးနဲ့ တည့်တည့်
နေ့လည်ခင်းထဲ လင့်နေတဲ့ သေနတ်တစ်လက်
ပြီးတော့ ပွင့်ထွက်သွားတဲ့ ကမ်းခြေ
စိန်ခေါ်နေတဲ့ အသံထွက်နဲ့
ကမ္ဘာမြေပေါ် ခုန်ချနေတဲ့ သစ်ရွက်ကြွေ
ဘယ်စိတ်လေ စိတ်လွင့်ကိုမှ အရိပ်အာဝါသက ခူးမစားချင်ဘူး
ဆည်းလည်းသံကလေး ထိမှန်လိုက်မှ
ငြိမ်းအေးသွားမယ့် သတ္တဝါအတိုင်း
ဖုန်ထူသော လမ်းကလေး သွေးဆောင်ရာ
စမ်းချောင်းကလေးလို တသွင်သွင်လှမ်းခဲ့
ထုံးဖြူဖြူနဲ့ စေတီကလေးဆီ ..။ ။
မောင်ဖီလာ
အနီရောင်ဂြိုလ်သား(မောင်ဖီလာ)
ကျောင်းသားဆိုတာ သီးသန့်ဖြစ်တည်သော အလွှာလား?
ယနေ့ခေတ် ကျောင်းသားသမဂ္ဂများ တရားဝင်လုနီးပါး ဖွဲ့စည်းကြ၊ အလုပ်လုပ်ကြတဲ့အချိန်မှာ အရင်တုန်းက မေ့လျော့နေတဲ့ အသံဟောင်းတွေ ပြန်ဆူလာတယ်။ အဲ့ဒီအထဲမှာ အဆူဆုံးအသံ ကတော့
“ကျောင်းသားဟာ ကျောင်းသား အလုပ်သက်သက်ကိုပဲ လုပ်ဖို့၊ ကျောင်းသားဟာ နိုင်ငံရေးမှာမပါဖို့ ၊အရင်အဟောင်းကို အတိတ်မှာထားခဲ့(၀ါ)သမိုင်းမှာ ထားခဲ့”
ဆိုတဲ့ အသံပါပဲ။
ဒီနေရာမှာ ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂလ ခံယူချက်/သဘောထားအမြင်ကို ကျွန်တော် အနည်းငယ်ပြောလိုတာက ဒါဟာ ကျောင်းသားများကို ဆရာလုပ်ခြင်းလည်း မဟုတ်သလို စွတ်ဖက်လိုခြင်းလည်း မဟုတ်ဘူးဆိုတာ နဲ့ ကျောင်းသားသမဂ္ဂ၀င်တစ်ယောက် မဖြစ်ခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ၀င်တစ်ယောက် ဖြစ်ချင်လွန်းခဲ့တဲ့ လူငယ်တစ်ယောက် ဟာ ရွှေရောင်တောက်ပနေတဲ့ လက်ရှိမျိုးဆက်အပေါ် အားကျခြင်းနဲ့ အားကိုးလိုခြင်း သက်သက်သာဖြစ်ကြောင်း .............
၁။ကျောင်းသားဟာ သီးခြားအလွှာ ဖြစ်မဖြစ်
ကျောင်းသားဟာ သီးခြားအလွှာဖြစ်လား မဖြစ်ဖူးလား ဆိုတာ ကျောင်းသားသမဂ္ဂ ရဲ့
ဖြစ်တည်မှု သမိုင်းမှာ အထင်အရှား ဖေါ်ပြပြီးဖြစ်တယ်။ (သမိုင်းအကြောင်းပြောလွန်းတဲ့သူတွေ သမိုင်းထဲမှာနေခဲ့ဆိုတဲ့ ကပ်သီးကပ်ဖဲ့သမားအချို့ကိုပြောလိုတာက သမိုင်းဆိုသည်မှာ အရှိတရား ဖြစ်ကြောင်း၊ အရာဝတ္ထုတိုင်းရဲ့ မှန်ကန်သောတည်ရှိမှုကို ဖျက်ဆီးလိုသူတွေဟာ သမိုင်းတုသင်ခြင်း၊ သမိုင်းမှားပြုခြင်းတို့ကို အစဉ်တစိုက် ကြိုးပမ်းခဲ့တယ်။ ဒါဟာလည်း ဦးနေ၀င်းခေတ်ကနေ ယနေ့ခေတ်ထိ ကျွန်တော်တို့ သင်ခဲ့ရတဲ့/သိခဲ့ရတဲ့ အရာတွေဟာ ဘာတွေလည်း ဆိုတာ ပြန်စဉ်းစားကြည့်ရင် ပေါ်လာမှာပါ။) ကျွန်တော်မူရင်းပြောလိုတဲ့ အချက်ကို ပြန်သွားပါမယ်။ ကျောင်းသားဟာ ကျောင်းသားအရေးပဲ လုပ်ရမယ်ဆိုတဲ့ ဒီခေတ် နိုင်ငံရေးအကျော်ဒေးယျ ဆရာသမားများရဲ့ သွပ်သွင်းချက်တွေဟာ ဟုတ်သယောင်တော့ ရှိပါတယ်။ ကျောင်းသားဟာ နိုင်ငံရေးလုပ်ရင် ငါတို့လို ခံရမယ်ဆိုတဲ့ စေတနာလိုလို စကားတွေနဲ့ သူတို့ဟာ ဒီစကားကို ပြောလာကြတာပါ။ သူတို့ပြောတဲ့ ကျောင်းသားရဲ့ ကျောင်းသားအရေး ဆိုတာ ဘာလဲ? ဒီမေးခွန်းရဲ့ နောက်ကွယ်က အချက်တွေက ဘာတွေလဲ? ကျွန်တော်တို့ စဉ်းစား သင့်ပါပြီ။
သူတို့ပြောတဲ့ ကျောင်းသားရဲ့ ကျောင်းသားအရေးဆိုတာမှာ ကျောင်းဖယ်ရီခလောက်၊
ကျောင်းမဂ္ဂဇင်း ထုတ်ရုံလောက်၊ အသင်းအပင်းဖွဲ့စည်းခွင့်လောက်သာ အမြင်ဆုံး ဖြစ်ပြီး ဒီမိုကရေစီပညာရေး (၀ါ) လူတိုင်းတန်းတူ ညီမျှစွာ ပညာသင်ကြားနိုင်ခွင့်+မိမိနှစ်သက်ရာကို အပူအပင်ကင်း စွာ လေ့လာနိုင်ခွင့် တွေကို နောက်ကို ပို့ထားခဲ့ပါတယ်။ လက်ရှိ ကျောင်းသားသမဂ္ဂရဲ့ဦးစီးဦးဆောင် တွေနဲ့ နောင်မှာ ခေါင်းဆောင်ဖြစ်လာမယ့်
ကျောင်းသား မျိုးဆက်တွေကို ဒီမိုကရေစီ ပညာရေးဆိုတာကို မသိအောင် တစ်ဖက်လှည့်နဲ့ ကျောသပ်ရင်သပ် လုပ်ထားတဲ့ သဘောပါပဲ။ လူတိုင်းတန်းတူညီမျှစွာပညာသင်ကြားခွင့်မရှိတဲ့ နိုင်ငံမှာ ဒီမိုကရေစီပညာရေး ဖြစ်ပေါ်လာဖို့ဆိုတာ ဖြစ်နိုင်ခြေ သုညပါပဲ။ သုညကနေ တစ်ဖြစ်အောင် ဖြည်းဖြည်းခြင်းလုပ်ယူမယ်ဆိုတဲ့ စကားကိုပြောလို့ရပါတယ်။ နိုင်ငံရေးအလာဂျစ်အမြင်နဲ့သာ ဒီစကားကို ပြောမယ်ဆိုရင်တော့ အသွင်သဏ္ဍန်သာရြှိ့ပီး အနှစ်သာရကင်းမဲ့တဲ့ အခြေအနေတစ်ခုကိုသာ ရရှိပါလိမ့်မယ်။ ကျောင်းသားရဲ့ ကျောင်းသားအရေးဆိုတာ ဒီမိုကရေစီ(၀ါ)လူသားတန်ဖိုးစံ တွေကို လူတိုင်းရရှိမှ ဖြစ်လာပါလိမ့်မယ်။ တိုင်းပြည်ရဲ့ စီးပွားရေးခြွှတ်ခြုံကြမှုတွေ၊ မှားယွင်းတဲ့ စနစ်ရှင်သန်မှုတွေ နဲ့ လူသားတန်ဖိုးစံကို ငြင်းပယ်မှုများ ရှိနေသရွေ့ ဒီမိုကရေစီပညာရေးဆိုတဲ့ အသံဟာ အသံသက်သက်သက်၊ ပုံသဏ္ဍန်ဟာ သဏ္ဍန်သက်သက်သာ ရှိနေမှာ ဖြစ်ပါတယ်။
ကျောင်းသားနဲ့နိုင်ငံရေးဟာ ခွဲလို့မရဆိုတာကို အထက်ပါ အချက်အလက်တွေလောက်နဲ့ သိပြီး ဖြစ်ပါလိမ့်မယ်။ ဒါဟာ အကျိုးဆက်တစ်ခုမှာ ဖြစ်ပေါ်လာမယ့် အကြောင်းအချက် အနည်းငယ်ပဲ ရှိပါသေးတယ်။ ကျောင်းသားဟာ နိုင်ငံရေးလုပ်ဆိုတဲ့ အတင်းတွန်းသွင်းတဲ့ အယူအဆပိုင်းတော့ မဟုတ်ပါ။ ကျောင်းသားနဲ့နိုင်ငံရေးဟာ ခွဲလို့မရဘူးဆိုတာ ကျောင်းသား ဘက်က အမြင်မျိုးနဲ့ မြင်ပြရုံသက်သက်ပါ။ နိုင်ငံရေးစနစ်တစ်ခုဟာ ပျက်စီးနေသရွေ့ အားလုံးနဲ့ တိုက်ရိုက်ပါတ်သက်ပါတယ်။ ငါနဲ့တော့ မဆိုင်လောက်ဘူးလို့ ထင်လို့မရပါဘူး။ အားလုံးဟာ တစ်ခုနဲ့ တစ်ခု အသွင်မတူညီဟု ထင်ရသော်ငြား အမှီသဟဲပြု ဆက်စပ်ခြင်းကတော့ မပြတ်တည်ရှိပါတယ်။ ပြီးတော့ ကျောင်းသားသမဂ္ဂရဲ့ သမိုင်းဆိုတာလည်း ကိုယ်နဲ့မတူတိုင်း ထားခဲ့လို့ ပြောလို့ရလောက်အောင် ပေါက်လွတ်ပဲစားမဆန်ခဲ့ပါဘူး အသက်တွေ သွေးတွေ ဘ၀တွေ ရင်းခဲ့ရတဲ့ အရာတစ်ခုပါ။
လက်ရှိမှာ ကျွန်တော့် စိတ်ထဲမှာ ညီအကိုသဖွယ်သဘောထားတဲ့ ကျောင်းသားသမဂ္ဂ ၀င်တိုင်းကို တိုက်တွန်းလိုတာ က ကျောင်းသားသမဂ္ဂများ အင်အားတောင့်တင်းဖို့အဓိကကို ဦးတည်ကာ ကျောင်းသားဆရာ တစ်သားတည်း ဖြစ်ရေး၊ ကျောင်းသားထု သွေးစည်း ညီညွတ်
ရေးကိုရှေ့တန်းတင်ပြီး ဒီမိုကရေစီရေး ကိုလည်း မေ့လျော့မထားဖို့ပါပဲ။ ဒါဟာ ဆန္ဒပြခိုင်းခြင်း၊ လမ်းပေါ်ထွက် အသက်စွန့်ခိုင်းခြင်း မဟုတ်ပါ။ အမှန်တရားဆိုတာကို မြင်စေလိုခြင်းပါ။
ကျောင်းသားသမဂ္ဂဟာ လူထုကို အမြဲဦးဆေင်ခဲ့တဲ့ တော်လှန်ရေးတပ်ဦးပါပဲ။ ဒီသမိုင်းကို ပေါ့သေးသေးဟု မယူဆပဲ မိမိတို့ရဲ့ အခြေအနေအစစ်ကို လက်ခံဖို့နဲ့ စောင့်ထိန်းစေချင်ကြောင်း စေတနာပြုလျက်....။
မြတ်သူ
နိုင်ငံတော် ညှိုးရော်သေဆုံးခြင်း
ဒေဝေါလို သတ္တဝါကြီးပေါ့
ငါတို့ကို ခြောက်လှန့်တယ်
ငါတို့ကို နှိပ်စက်တယ်
ငါတို့ကို ဘဝတွေသတ်ပစ်တယ်။
နိုင်ငံတော်ဆိုတာ
လှည်းတန်းနဲ့ ဆူးလေသွား ဘတ်စ်ကား
ငါတို့စီးမှ ပိုက်ဆံရပေမယ့်
ဟိန်းလားဟောက်လား လုပ်တယ်။
နိုင်ငံတော်ဆိုတာ
စားစရာရှိသူက စားစရာမရှိသူကို
တစ်နပ်လျှော့စားခိုင်းတဲ့ ရေဒီယို
ငါတို့ရဲ့ ဗိုက်တွေဟာ
ရွံရှာစိတ်နဲ့ တကျုတ်ကျုတ်မြည်တယ်။
နိုင်ငံတော်ဆိုတာ
ရေ၊ မီး၊ သားသတ်၊ ခိုးသူ၊ သူတောင်းစား
ရေပျက်တယ်
မီးပျက်တယ်
အသတ်သတ်တယ်
ခိုးဝှက်တယ်
အတောင်းအရမ်းထူတယ်
ဒုက္ခသစ်ငါးပါးဟာ
ငါ့ကို ကဗျာရေးဖို့ တရားရစေတယ်။
နိုင်ငံတော်ဆိုတာ
စစ်သားက ဥပဒေပြုပီး
နိုင်ငံရေးသမားတွေ စာပေဟောနေတဲ့
ကရော်ကမယ် ဖြစ်စဉ်ကြီးပေါ့
ရန်ကုန်မြို့ကြီးဟာ စိတ္တဇဆေးရုံဆိုရင်
ကဗျာဆရာတွေက တောထွက်ရဟန်းပဲ။
နိုင်ငံတော်ဆိုတာ
ဈေးကွက်စီးပွားရေး ဖုတ်ကောင်
အိပ်ကပ်ဖောင်းသူတွေက
အိပ်ကပ်မရှိသူတွေကို
မျက်စောင်းတခဲခဲ ရန်ရှာကြတယ်။
နိုင်ငံတော်ဆိုတာကို သိပီးတဲ့နောက်
ငါတို့ရဲ့ မီးခြစ်တွေ မီးမတောက်တော့ဘူး
ငါတို့ရဲ့ ဖိနပ်တွေ လမ်းမရှိတော့ဘူး
ငါတို့ရဲ့ အိပ်မက်တွေ အနားမဲ့ကုန်တယ်။
နိုင်ငံတော်ဆိုတာကို တွေ့ပီးတဲ့နောက်
ငါတို့ရဲ့လယ်ကွင်းတွေ စပါးမဲ့ကုန်တယ်
ငါတို့ရဲ့ ပျိုမြစ်မှုတွေ ကမ်းကပ်ကုန်တယ်
ငါတို့ရဲ့ စဉ်းစားဥာဏ်တွေ မီးလောင်သွားတယ်။
နိုင်ငံတော်ဆိုတာကို လက်ခံလိုက်တဲ့အခါ
မိဘသဖွယ်အင်အားသုံးဖယ်ရှားတာကို ခံခဲ့ရ
စော်ကားမှုတွေ ပင်လုံးပွင့်တာ မြင်ခဲ့ရ
ကိုယ်ကျင့်တရားတွေ မြစ်လိုကောတာ သိခဲ့ရ
မလုံခြုံမှုတွေဟာ သည်းခံမှုတံခါးပေါက်ကနေ ဝင်လာခဲ့တာပေါ့။
နိုင်ငံတော်က ငါတို့ကိုနှိပ်စက်တဲ့အခါ
ကျိန်စာတွေကို သီချင်းလုပ်ပီးငါတို့ဆိုတယ်
ရရင်ရ မရရင်ချ
နှောင်ကြိုးမဲ့တေးသွားဟာ
တိုင်းပြည်ကို ဖုံးလွှမ်းလာရဲ့
ဟေ့...နိုင်ငံတော်
"မင်းမှာ ဘာသာတရားမရှိဘူး
ငါတို့မှာ ဘာသာတရားရှိတယ်"
"မင်းမှာ ယဉ်ကျေးမှုမရှိဘူး
ငါတို့မှာ ယဉ်ကျေးမှုရှိတယ်"
နှောင်ကြိုးမဲ့တပ်ဦးမှာ ဒီတရားသံတွေ
အလံနဲ့အတူ တည်လိမ့်မယ်။
ဟေ့ .. နိုင်ငံတော်
"မင်းက လွတ်လပ်မှုကို ဖိနှိပ်တယ်
ငါတို့က လွတ်လပ်မှုကိုပျိုးထောင်တယ်"
"မင်းက မျှတမှုကို ခြေဖျက်တယ်
ငါတို့က မျှတမှုကို ရှေ့တန်းတင်တယ်"
လူတွေဟာ နိုင်ငံတော်ကို ဆန့်ကျင်နေကြ
ကမ္ဘာမြေပေါ် သန့်စင်ခြင်းတွေ ပြန်လည်ဆိုက်ရောက်လာတယ်။
သွေးစုပ်မှုဆိုတဲ့ ရေသောက်မြစ်ကို
ငါတို့တွေ ခုတ်ထွင်ဖယ်ရှားခဲ့ကြ
ရက်စက်မှုဆိုတဲ့ ပင်စည်ကို ငါတို့တွေ ဖြိုလှဲနေကြ
နိုင်ငံတော်ဟာ ဗုန်းဗုန်းလဲဖို့နီးစပ်လာခဲ့ပြီ။
အမျိုးသားကြီး လက်ပါးစေဟာ
နိုင်ငံတော်ကို မကယ်တင်နိုင်တော့
လူသားဟာ ဘယ်အရာဆိုတာ
တိုက်ပွဲနဲ့ ဖေါ်ဆောင်နိုင်ခဲ့ပြီ
အဓမ္မဟာ လွင့်စင်ထွက်ပြေးလို့
"နိုင်ငံတော်ကို ဆန့်ကျင်ကြ"
ကမ္ဘာအနှံ့ သွေးစည်းညီညွတ်နေကြတယ်။
နိုင်ငံတော် သေဆုံးတဲ့အခါ
စာသင်ကျောင်းတွေ လွတ်လပ်လာတယ်
နိုင်ငံတော် သေဆုံးတဲ့အခါ
ဘာသာရေးတွေ ဖိနှိပ်မှုကင်းသွားတယ်
နိုင်ငံတော် သေဆုံးတဲ့အခါ
လူအားလုံးဟာ အသိမှတ်ပြုခံအဖြစ်ကို ရရှိပီး
လိင် နဲ့ အသားအရောင် ခွဲခြားမှုတွေ ကျဆုံး
စစ်ပွဲတွေလည်း နိုင်ငံတော်နဲ့အတူ မြေမြုပ်သဂြိုလ်ခံလိုက်ရတယ်။
နိုင်ငံတော် ပြိုပျက်တဲ့အခါ
လက်နက်တွေကို အရည်ကြိုပီး
ဘာသာရေးအမှတ်အသားတွေ ထုလုပ်ခဲ့ကြတယ်။
အသန့်ရှင်းဆုံးအဝတ်တွေနဲ့ လူတွေဟာ
တစ်ယောက် စားစရာကို တစ်ယောက်မျှဝေလို့
အံသြစရာ လူသားဝါဒဟာ
ပန်းလိုမွှေးလာတယ်။
"နိုင်ငံတော် မရှိတော့ဘူး ..
နိုင်ငံတော် သေဆုံးခဲ့ပြီ .."
ငါတို့ရဲ့ မိခင်တွေ ဝမ်းမြောက်စွာကျူးရင့်ကြ
တော်လှန်ရေးအတွင်းက သားငယ်တွေနဲ့
ကြည်နူးစွာ ပြန်ဆုံစည်းကြ
ပင်လယ်လို ကျယ်ပြောပီး
တောင်တွေလို မြင့်မားတဲ့
ကဗျာတွေကို သီဆိုကြတယ်။
နိုင်ငံတော်တွေ မရှိတော့ဘူး
ကမ္ဘာကြီးဟာ နေအိမ်ပဲ
နိုင်ငံတော်တွေ မရှိတော့ဘူး
ငါတို့ရဲ့ ဖြစ်တည်မှုကို ဘယ်သူမှ ချေဖျက်လို့မရ
နိုင်ငံတော်တွေ မရှိတော့ဘူး
နိုင်ငံတော်တွေ လွန်ခဲ့ပြီ
ဘိုးဘေးတွေရဲ့ ကောင်းမွေကို
မြေးမြစ်တွေ ခံစားကြ
သိမ်မွေ့လှတဲ့ ကမ္ဘာသစ်။
မောင်မြတ်သူ
ခေတ်ပြောင်းတော်လှန်ရေး
လက်ဖက်ရည်ခွက်နဲ့ ဆေးလိပ်နဲ့
ဆံပင်ရှည်နဲ့ နားကွင်းနဲ့
ကျုပ်တို့နောက်ခေတ်မှာ လူငယ်ဆိုတာ
ဂိမ်းဆိုင်နဲ့ စော်နဲ့
ပန့်ကေနဲ့ ဆေးခြောက်နဲ့
ခေတ်ဆိုတာသာ ပြောင်းလာတယ်
စိတ်ပုပုလေးတွေက မိုးခိုနေကြတုန်း
အခါလွန်မိုးဆိုတာ နှာစေးချောင်းဆိုးအလွန်ဆုံးဆိုပဲ။
မောင်မြတ်သူ
ကျမသားကို အိမ်ပြန်ခွင့်ပေးပါ
သားပျောက်နေတဲ့ အမေ ငိုရင်းပြောနေတယ်
ကျမရဲ့ တစ်ဦးထဲသောသားလေးပါ
ပိုးမွေးသလို မွေးခဲ့ရတဲ့ ကလေးပါ
ကိုးလလွယ်ဆယ်လဖွား ရင်းခဲ့ရတဲ့ သွေးပါ
ဘွဲ့ရပညာတတ်ကလေးပါ
အများပြည်သူကို ကူညီချင်သူလေးပါတဲ့
ဘယ်သူမှ သူ့သားပျောက်ဇာတ်လမ်းကို ဂရုမစိုက်ကြဘူး
သားသည်အမေဟာ ငိုရင်းနဲ့ လူထုခေါင်းဆောင်ခြေထောက်ကို ဖက်လို့
သားသည်အမေဟာ ငိုရင်းနဲ့ ရှေ့မျိုးဆက်နောင်တော်ကြီးတွေမျက်နှာကို ငေးလို့
သားသည်အမေဟာ ငိုရင်းနဲ့ အပွင့်အခက်နဲ့သားသတ်သတ္တဝါကြီးတွေကို တိုးလျှိုးလို့
သားသည်အမေရဲ့ လက်ထဲမှာ ဘယ်တော့မှ သုံးမရတဲ့ သူ့သားလေးအကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ
သားသည်အမေရဲ့လက်ထဲမှာ မျက်ရည်တွေနဲ့ သွန်းထုထားတဲ့ အိမ်ပြန်ယတြာ
ကျမသားလေးကို အိမ်ပြန်ခွင့်ပေးပါတဲ့
ဘုရားစူးစေ့
ဘယ်ကောင်မှ စောက်ဂရုမစိုက်ကြဘူး
အမေ့ရဲ့ သားလေးဟာ ချောင်တစ်ချောင်မှာ ပုန်းအောင်းနေပြီး သူ့အမေရဲ့ မျက်ရည်တွေကိုငေးလို့
အမေ့ရဲ့သားမှာလည်း မျက်ရည်တွေနဲ့ပါပဲလေ
အမေ့ရဲ့သားဟာ မျက်ရည်တွေကို သူ့အလံတော်နဲ့ သုတ်တယ်
သူ့သူငယ်ချင်းတွေရဲ့သွေးနဲ့ ဖုံးလွှမ်းနေတဲ့အလံတော်ကို သူ့အမေရင်ခွင်လို သဘောထားပြီးမျက်ရည်တွေကို သုတ်တယ်
သူ့အမေရဲ့ မျက်ရည်မီးဟာ သူ့သက်တမ်းမှာ ငြိမ်းစေရမယ်တဲ့
ကျမသားလေးကို အိမ်ပြန်ပို့ပေးပါလို့ သူ့အမေအပြင် တခြားလူတွေ မငိုစေရဘူးတဲ့
သားလည်း အိမ်ပြန်ချင်တာပေါ့ အမေရယ် ဒါပေမယ့် ရန်သူတွေ ပျော်လိမ့်မယ်တဲ့
သူ့အမေရဲ့မျက်ရည်လို သူလည်းမျက်ရည်တွေနဲ့ ပြောရှာတယ်
အမေနဲ့သားကြားမှာ နိုင်ငံတော်က ခြားနေတယ်
အမေနဲ့သားကြားမှာ ကောက်ကျစ်ယုတ်မာတဲ့ ခွေးအုပ်ကြီး ခြားနေတယ်
အမေနဲ့သားကြားမှာ မညှာတာတတ်တဲ့ ဒဏ်ရာတွေ ခြားနေတယ်
သူ့အမေရဲ့ မျက်ရည်တွေကိုသာ မြင်တဲ့သား
သားရဲ့မျက်ရည်တွေကိုသာ တွေ့ ခွင့်ရတဲ့ အမေ
ဟော … မျက်ရည်မြစ်ပါ ခြားနေရှာပြန်တယ်
ဝိုးတ၀ါး ဓာတ်ပုံတွေဟာ တချိန်တုန်းက သူ့ ရဲ့ သားလေး အိမ်မှာရှိခဲ့ဖူးကြောင်း သင်္ကေတပေါ့
အမေဟာ ခွေးအုပ်လက်ကလွတ်မြောက်ခဲ့တဲ့ ပျောက်ဆုံးနေသူ သားအကြောင်း
လာသမျှ ဧည့်သည်တွေကို ပြောနေရှာပြန်တယ်
ကျမသားလေးကို အိမ်ပြန်ခွင့်ပေးပါတဲ့
ဘယ်လောက် မတရားတဲ့ အမေလဲ သူ့သားအပြင် တခြားသားတွေလည်း အိမ်ပြန်မရောက်ကြောင်း သူမသိ
ကျမသားလေးကို အိမ်ပြန်ခွင့်ပေးပါတဲ့
ဘယ်လောက် မတရားတဲ့ အမေလဲ ခေါင်းကွဲပြီးသွေးအိုင်ထဲလဲခဲ့တဲ့ သူ့သားသူငယ်ချင်းတွေအကြောင်း သူမသိ
ကျမသားလေးဟာ လူဆိုးမဟုတ်ဘူး၊ ဓားပြမဟုတ်ဘူး၊ ပညာတတ်ကလေးတဲ့
ဘယ်လောက် မတရားတဲ့ အမေလဲ ထောင်ထဲရောက်နေတဲ့သူ့သားသူငယ်ချင်းတွေလဲ လူဆိုးမဟုတ်၊ ဓားပြမဟုတ်တဲ့ ပညာတတ်ကလေးတွေပဲ
သားပျောက်နေတဲ့အမေခမျာမှာ ဘယ်အရာကိုမှ ဂရုမမှုနိုင်အောင်ပါပဲ
နေပူထဲကသား နဲ့ အရိပ်ထဲက အမေဟာ ဘယ်နှစ်ဘဝစာဝေးရမှာလဲဆိုတာ ဘယ်သူမှ မသိကြဘူး
သားပျောက်နေတဲ့ အမေတွေရဲ့
ကျမသားကို အိမ်ပြန်ခွင့်ပေးပါဆိုတဲ့ ဂါထာဟာ စကြာဝဋာကိုပဲ့တင်ထပ် သမိုင်းနံရံကို အက်စေခဲ့ပြီးနောက်မှာ
နိုင်ငံတစ်နိုင်ငံမှာ သားပျောက်နေတဲ့ အမေတွေရဲ့ တောင်းပန်ငိုကြွေးနေသံများနောက်မှာ
လောင်မီးကျသွားတဲ့ နိုင်ငံတော်အလံနဲ့အတူ ထူးဆန်းလှတဲ့ ပျောက်ဆုံးမှုတွေ ဖြစ်ပေါ်လာတယ်
ဟော
ပျောက်ဆုံးသွားတဲ့ ပညာတတ်အလွှာ
ပျောက်ဆုံးသွားတဲ့ ကိုယ်ချင်းစာတရား
ပျောက်ဆုံးသွားတဲ့ လူ့ ဂုဏ်သိက္ခာ
ပျောက်ဆုံးသွားတဲ့ နိုင်ငံတော်ရဲ့ ကြည်ညိုဖွယ်ဂုဏ်အင်္ဂါ။